ရာသီကုန်မှာ ဒေါ့မွန်အသင်းမှ ထွက်ခွာတော့မယ့် ဂျူလီယန်ဘရန့်ဒ်
အခုရာသီကုန်မှာ အသင်းမှ ဂျူလီယန်ဘရန့်ဒ်ထွက်ခွာတော့မယ်လို့ ဒေါ့မွန်အသင်းဘက်က အတည်ပြုလိုက်ပါတယ်။
အခုဘောလုံးရာသီ၊ ဒေါ့မွန်အသင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့ အသက် ၂၉ နှစ်အရွယ်ကစားသမားက သူပါဝင်ကစားခဲ့တဲ့ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၀ ခုအနက် ၁၃ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အသင်းအတွက် ခြောက်ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှုသုံးကြိမ်လည်း ပြုလုပ်ထားနိုင်ပါတယ်။
သူ့ရဲ့ခြေစွမ်းပိုင်းအသင့်အတင့်ကောင်းမွန်နေပေမဲ့လည်း ဒေါ့မွန်အားကစားဒါရိုက်တာလားစ်ရစ်ကန်ကတော့ အခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘရန့်ဒ်ကို အသင်းမှထွက်ခွာခွင့်ပေးမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ကိုလုံးကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ စနေနေ့ဘွန်ဒက်လီဂါပွဲစဉ်အပြီး လားစ်ရစ်ကန်က "ကျွန်တော်တို့အကြားမှာ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိခဲ့ကြပါဘူး" လို့ Sky Sport ဆီ ပြောကြားခဲ့ပါတယ်။