The network connection is lost.

Banner Image

လီဗာပူးအတွက် ကောင်းမွန်တဲ့ရာသီတစ်ခု ဖြစ်လာနိုင်သေးတယ်လို့ ဆိုလိုက်တဲ့ ရောဘတ်ဆန်

လီဗာပူးနောက်ခံလူရောဘတ်ဆန်က ဝုဗ်ကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီး ပရိသတ်တွေဆီ အခုဘောလုံးရာသီအတွက် အကောင်းမြင်စိတ်ထားရှိကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

လက်ရှိမှာ လီဗာပူးက အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆက်ရှိနေသေးသလို ပရီးမီးယားလိဂ်မှာလည်း TOP 4 ဝင်ဖို့ ကြိုးစားခွင့် ရှိနေပါတယ်။

ဝုဗ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရောဘတ်ဆန်က "ပြီးခဲ့တဲ့အင်္ဂါနေ့ပွဲစဉ်မှာ ကျွန်တော်တို့ကိုယ်တိုင် စိတ်ပျက်ခဲ့ရတယ်ဆိုတာ သိပါတယ်။ အဲ့ဒါက ကျွန်တော်တို့မျှော်လင့်ထားတဲ့ခြေစွမ်းမျိုး မဟုတ်ခဲ့ပါဘူး။ သုံးရက်အတွင်း ဒီပြိုင်ဘက်နဲ့ပြန်ရင်ဆိုင်ရတယ်ဆိုတာ တော်တော်လေး ရှားပါတယ်။ ဒါကြောင့် ဒီပွဲမှာ အမှားပြင်ဆင်ဖို့က ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေပါတယ်။ အက်ဖ်အေဖလားဆိုတာလည်း ရှုံးရင်ထွက်ပေးရမယ့်ပြိုင်ပွဲမျိုးဆိုတာ သိပြီးသားပါ။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော်တို့ ကွာတားဖိုင်နယ်ဆီ တက်နိုင်ခဲ့ပါပြီ။"

သူရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီးတော့လည်း စကော့တလန်သားက အခုလို ဆိုပါတယ်။ "ဂိုးသွင်းရတယ်ဆိုတာတော့ တော်တော်လေး ရှားပါးပါတယ်။ လမ်းကြောင်းပွင့်သွားတာနဲ့ ကံကောင်းထောက်မစွာပဲ အပိုင်ကန်သွင်းနိုင်ခဲ့တာပါ။ ကျွန်တော့်ရဲ့လီဗာပူးကစားသမားသက်တမ်းတစ်လျှောက်မှာ အများအားဖြင့် ကန်လိုက်တဲ့ဘောလုံးတွေက ဂိုးဘားပေါ် ကျော်သွားတတ်တာများပါတယ်။ ဒါကြောင့် အခုလို ဂိုးပိုက်ထဲဆီဝင်သွားတဲ့အတွက် ဝမ်းသာမိပါတယ်။ ကြည့်ရတာ ဒီဂိုးက ကျွန်တော်တို့ကို နိုင်ပွဲဆီ လမ်းစဖော်ပေးခဲ့သလို အဲ့ဒီနောက်မှာလည်း ဂိုးတွေဆက်တိုက်ရခဲ့တယ်ဆိုတာ တော်တော်လေးကျေနပ်စရာကောင်းပါတယ်"

"ပွဲကစားချိန် ၉၂ မိနစ်လောက်အထိတော့ ပွဲကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဲ့ဒီအချိန်မှာမှ Clean sheet မရလိုက်ဘူးဆိုတာတော့ စိတ်ပျက်စရာပါပဲ။ ဒါပေမဲ့ ဖလားပြိုင်ပွဲတွေရဲ့သဘာဝက နောက်တစ်ဆင့်တက်ဖို့သာ အဓိကဖြစ်ပြီး အခုလို နောက်တစ်ဆင့်တက်သွားတဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။"

ဘောလုံးရာသီအခြေအနေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မလားဆိုတဲ့အချက်အပေါ်မှာလည်း သူက အခုလို ထပ်လောင်းပြောကြားခဲ့ပါတယ်။ "သေချာပေါက် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့က ပြိုင်ပွဲစုံမှာ အကောင်းဆုံးတိုက်ပွဲဝင်ဖို့ ကြိုးစားနေတာပါ။ ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ်မှာတော့ ကျွန်တော်တို့မျှော်လင့်သလို ဖြစ်မလာခဲ့ပေမဲ့ ကျန်ရှိနေသေးတဲ့ဖလားပြိုင်ပွဲနှစ်ခုမှာတော့ ဆက်ရှိနေပါသေးတယ်။"

"အကယ်၍ ကျွန်တော်တို့ ဒီညကစားခဲ့သလိုမျိုး ကစားနိုင်မယ်ဆိုရင် ဘယ်အသင်းမှ ကျွန်တော်တို့နဲ့ ရင်ဆိုင်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ခြေစွမ်းက အတက်အကျရှိနေခဲ့တယ်ဆိုတာ အရှိတရားပါပဲ။ အခုလိုမျိုးခြေစွမ်းပြနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အခြေအနေတွေ ပိုကောင်းလာဖို့ရှိသလို ပြိုင်ပွဲနှစ်ခုလုံးမှာလည်း အဝေးကြီးဆက်သွားနိုင်မယ်လို့ ထင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။