အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုကြောင့် အီရတ်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးအဆင့် ယှဉ်ပြိုင်နိုင်ရန်မသေချာ
အီရတ်အသင်းဟာ မတ်လ ၃၁ ရက်နေ့မှာ မက္ကဆီကိုနိုင်ငံ၌ ကျင်းပမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲနောက်ဆုံးအဆင့်ကို ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ရေးပဋိပက္ခတွေကြောင့် ခရီးသွားလာရေး အခက်အခဲတွေ ဖြစ်ပေါ်နေပြီး အသင်းရဲ့ ပါဝင်နိုင်ခြေဟာ မသေချာတော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။
အီရတ်အသင်းဟာ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့မှာ ဘိုလီးဗီးယားနဲ့ ဆူရာနမ်တို့ရဲ့ ပွဲစဉ်အနိုင်ရသူနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ယှဉ်ပြိုင်ရမှာဖြစ်ပေမဲ့ အဖွဲ့ဝင်အားလုံး မက္ကဆီကိုကို ရောက်ရှိနိုင်ဖို့ စိုးရိမ်နေကြတာပါ။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီးနောက်ပိုင်း အီရတ်ရဲ့ လေပိုင်နက်တွေကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။ အီရန်ဘက်ကလည်း အမေရိကန်တပ်ဖွဲ့တွေ ရှိနေတဲ့ အရှေ့အလယ်ပိုင်းက စစ်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ပိုမိုမြင့်တက်နေတာပါ။
"ကျွန်တော်တို့အသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး FIFA နဲ့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့ကို အပြည့်အဝ အသိပေးထားပါတယ်။ လေပိုင်နက်တွေ ပိတ်ထားရတာကြောင့် နည်းပြ ဂရေဟမ်အာနိုးလ်ဟာ ယူအေအီးနိုင်ငံကနေ မထွက်ခွာနိုင်သေးပါဘူး။ ဒါ့အပြင် သံရုံးတချို့ ပိတ်ထားရတာကြောင့် ကစားသမားတချို့နဲ့ နည်းပညာပိုင်း၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတချို့ မက္ကဆီကို ဗီဇာ မရရှိသေးတဲ့ အခြေအနေ ဖြစ်နေပါတယ်" လို့ အီရတ်အမျိုးသားအသင်းက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အီရတ်ဟာ ၁၉၈၆ ခုနှစ်တုန်းက ကမ္ဘာ့ဖလားကို တစ်ကြိမ်သာ တက်ရောက်ဖူးပြီး အခုဆိုရင် အာရှကနေ ကမ္ဘာ့ဖလားကို တက်ရောက်မယ့် နဝမမြောက်အသင်း ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ FIFA အဆင့်သတ်မှတ်ချက်မှာ အီရတ်အသင်းဟာ အဆင့် ၅၈ နဲ့ အာရှမှာ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။
အလားတူပဲ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ထားတဲ့ အီရန်အသင်းလည်း သူတို့ရဲ့ ပါဝင်နိုင်ခြေအပေါ် စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အီရန်အသင်းဟာ အုပ်စု (G) မှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်တို့နဲ့ ကျရောက်နေပြီး ပွဲစဉ်အားလုံးကို အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေမှာ ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့မှာ မက္ကဆီကိုနိုင်ငံမှာ စတင်ကျင်းပမှာဖြစ်ပြီး ကနေဒါနဲ့ အမေရိကန်တို့မှာတော့ နောက်တစ်ရက်မှာ စတင်မှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ ဇူလိုင်လ ၁၉ ရက်နေ့မှာ နယူးယောက်မြို့အနီး အရှေ့ရသာဖို့ဒ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အကယ်၍ ဒေသတွင်း စစ်ရေးပဋိပက္ခတွေ လျော့ကျသွားခြင်း မရှိဘူးဆိုရင်တော့ ဒီပြိုင်ပွဲကြီးရဲ့ စီစဉ်ဆောင်ရွက်မှုတွေနဲ့ အီရန်အသင်း ပါဝင်နိုင်ခြေတွေကို မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။