လူငယ်ကြယ်ပွင့် အက်စ်ပိုစီတိုကို အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကို အင်တာမီလန်ဥက္ကဋ္ဌ ငြင်းဆို
အင်တာမီလန်ဥက္ကဋ္ဌ ဂျူဆက်ပီ မာရော့တာက ပရီးမီးယားလိဂ်ဇယားထိပ်က အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက သူတို့ရဲ့ လူငယ်ကြယ်ပွင့် ဖရန်ဆက်စကို ပီယို အက်စ်ပိုစီတိုကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပါတယ်။
အသက် ၂၀ အရွယ် အက်စ်ပိုစီတိုဟာ အခုရာသီမှာ အင်တာမီလန်အတွက် ခြေစွမ်းပြနေသူဖြစ်ပြီး စီးရီးအေပွဲစဉ်တွေမှာ မိနစ်ပေါင်း ၉၅၆ မိနစ် ကစားပေးထားရာမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
အာဆင်နယ်အသင်းဟာ အက်စ်ပိုစီတိုရဲ့ ခြေစွမ်းအပေါ် အထင်ကြီးနေပြီး ဇန်နဝါရီလအတွင်းမှာ ကစားသမားနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းမှုတွေ ရှိခဲ့တယ်လို့ သတင်းအချို့က ဖော်ပြခဲ့ကြတာပါ။ မာရော့တာကတော့ အဆိုပါကောလာဟလတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆွေးနွေးမှုမျိုးမှ မရှိခဲ့ကြောင်း အခုလိုပဲ အတည်ပြုပြောကြားလာပါတယ်။
“သတင်းတွေ ထွက်ပေါ်နေပေမဲ့ အာဆင်နယ်ဘက်က ပီယို အက်စ်ပိုစီတိုအတွက် ကမ်းလှမ်းမေးမြန်းတာမျိုး မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ အမာခံကစားသမားတွေကို ရောင်းထုတ်ဖို့ အစီအစဉ်မရှိသလို ကစားသမားအရောင်းအဝယ် လုပ်ဖို့ကလည်း ကျွန်တော်တို့ရဲ့ ဦးစားပေးမဟုတ်ပါဘူး။ ပီယို အက်စ်ပိုစီတိုကို အသင်းရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ရတနာတစ်ပါးအဖြစ်ပဲ ရှုမြင်ထားပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် “အနာဂတ်မှာ ဘာမဆိုဖြစ်သွားနိုင်ပေမဲ့ ဒါဟာ အဝေးကြီးလိုသေးတဲ့ အနာဂတ်ကို ဆိုလိုတာပါ” လို့လည်း မာရော့တာက ဆက်လက်ပြောကြားခဲ့ပါတယ်။