အာရာဆာတေးကို နည်းပြရာထူးကနေထုတ်ပယ်လိုက်တဲ့ မာယော့ကာ
မာယော့ကာအသင်းဟာ နည်းပြဖြစ်သူ ဂျာဂိုဘာ အာရာဆာတေးကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
မာယော့ကာအသင်းဟာ လက်ရှိမှာ လာလီဂါအမှတ်ပေးဇယားရဲ့ အောက်ခြေကနေ ရေတွက်ရင် တတိယမြောက်နေရာမှာ ရောက်ရှိနေပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အတွက် တစ်မှတ်သာ လိုအပ်တော့တဲ့ အခြေအနေမျိုးမှာ အခုလို နည်းပြကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
"မာယော့ကာအသင်းဟာ ဂျာဂိုဘာ အာရာဆာတေးကို ပထမအသင်းနည်းပြရာထူးကနေ ရပ်စဲလိုက်ပြီ ဖြစ်ပါတယ်" လို့ ကလပ်အသင်းက မနေ့ညက ကြေညာခဲ့ပါတယ်။
အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ "အသင်းရဲ့ အားကစားဆိုင်ရာ အခြေအနေတွေကို သေချာသုံးသပ်ပြီးနောက်မှာ အခုလို ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ လက်ရှိ အခြေအနေတွေကို ပြောင်းလဲပစ်ဖို့နဲ့ ရာသီရဲ့ ကျန်ရှိနေတဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံး အာမခံချက်တွေနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် အသင်းရဲ့ အခန်းကဏ္ဍသစ်တစ်ခုကို စတင်လိုတဲ့ ဆန္ဒကြောင့် ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် နွေရာသီမှာမှ မာယော့ကာအသင်းဆီ ရောက်ရှိလာခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် နည်းပြ အာရာဆာတေးဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူလည်း ဖြစ်ပါတယ်။