ရမှတ်တိုင်းက ရာသီကုန်မှာ အသင်းအတွက် အကူအညီဖြစ်စေလိမ့်မယ်လို့ ဆိုလိုက်တဲ့ မိန့်ဇ်နည်းပြဖစ်ချာ
မိန့်ဇ်အသင်းနည်းပြဖစ်ချာကတော့ ဟမ်းဘတ်နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီး တစ်မှတ်ရရှိလာမှုအပေါ် ကျေနပ်နေပါတယ်။
မိန့်ဇ်က နည်းပြဖစ်ချာရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့မှာ ဟမ်းဘတ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း မိန့်ဇ်အသင်း ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ယူနီယံဘာလင်နည်းပြဟောင်းဖစ်ချာကတော့ သူ့အသင်းရဲ့ဒုတိယပိုင်းကစားပုံကို ပိုပြီး သဘောကျနေခဲ့ပါတယ်။
“ပထမပိုင်းမိနစ် ၃၀ မှာ ဟမ်းဘတ်က တကယ်ကို ကောင်းကောင်းကစားသွားနိုင်ခဲ့ပါတယ်” လို့ ဖစ်ချာက ပွဲအပြီးအင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ အိမ်ရှင်မိန့်ဇ်အသင်းအတွက် အာမီရီရဲ့လှပတဲ့ဦးဆောင်ဂိုးမတိုင်ခင် ဂိုးသမားဒန်နီရယ်ဘတ်ဇ် အတော်လေးအလုပ်ရှုပ်ခဲ့ရပါတယ်။
“မိနစ် ၃၀ နောက်ပိုင်းမှာတော့ ပွဲက အပြောင်းအလဲဖြစ်သွားခဲ့ပါတယ်။ ကျန်တဲ့ မိနစ် ၆၀ မှာ ကျွန်တော့်အသင်း ကောင်းကောင်းကစားနိုင်တာကို မြင်တွေ့ခဲ့ရတယ်။ နောက်ဆုံးမှာတော့ ကံမကောင်းစွာနဲ့ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဒုတိယဂိုးသွင်းယူဖို့အတွက် အခွင့်အရေးတွေ ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
“ဘာပဲဖြစ်ဖြစ် အခုပွဲစဉ်မှာ ရမှတ်တစ်မှတ် ထပ်တိုးနိုင်ခဲ့ပါတယ်။ ရမှတ်တိုင်းက ရာသီအကုန်မှာ ကျွန်တော်တို့အတွက် အကူအညီဖြစ်စေပါလိမ့်မယ်။ ဒီရမှတ်အပေါ်မှာပဲ ကျေနပ်မှု ရှိရပါမယ်” လို့လည်း ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ ဒေါ့မွန်ကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ မိန့်ဇ်က လေဗာကူဆင်၊ စတုဂတ်တို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ပွဲကျပ်တွေ ဆက်တိုက်ရင်ဆိုင်သွားရပါမယ်။