လက်စတာနည်းပြသစ်ဖြစ်လာတဲ့ ဂယ်ရီရိုဝက်
ချန်ပီယံရှစ်ကလပ် လက်စတာစီးတီးအသင်းက နည်းပြသစ်အဖြစ် ဂယ်ရီရိုဝက်ကို ခန့်အပ်လိုက်ပါတယ်။
လွန်ခဲ့တဲ့နှစ်လကမှ အောက်စဖို့ဒ်အသင်းရဲ့နည်းပြရာထူးကို စွန့်လွှတ်ခဲ့ရတဲ့ ရိုဝက်က အခုအချိန်မှာတော့ မြေခွေးတွေနဲ့အတူ ရာသီကုန်ကာလအထိ ဖြတ်သန်းဖို့အတွက် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သူက ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာပဲ အသင်းနဲ့အတူ ပထမဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။
"လက်စတာစီးတီးရဲ့နည်းပြသစ်ဖြစ်လာလို့ ကျွန်တော် တကယ်ကို ဂုဏ်ယူမိပါတယ်။ လာမယ့်လတွေအတွင်း ထူးချွန်တဲ့ကစားသမားတွေနဲ့အတူ စုစုစည်းစည်းလက်တွဲလုပ်ဆောင်ခွင့်၊ ဦးဆောင်ခွင့်ရရှိမှာဖြစ်လို့ ဝမ်းသာပါတယ်" လို့ ရိုဝက်က အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။
"အခုမှစပြီး ရာသီကုန်အထိ ဘယ်အရာတွေကို အောင်မြင်အောင်လုပ်ဆောင်သွားရမလဲဆိုတာ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်းသိထားပြီးသားပါ။ ဒါကြောင့် အလုပ်တွေကို ချက်ချင်းစတင်သွားပါမယ်" လို့လည်း သူက ဆိုပါတယ်။
"ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ရင်းနှီးမှုရှိအောင် တည်ဆောက်သွားဖို့ မျှော်လင့်နေပါတယ်။ ဒါမှလည်း ကျွန်တော်တို့လိုအပ်နေတဲ့ ရလဒ်ကောင်းတွေအတွက် အဓိကအထောက်အကူဖြစ်စေပါလိမ့်မယ်" လို့ ဆက်ပြောခဲ့ပါတယ်။
ရိုဝက်က ၂၀၀၀ ပြည့်နှစ်မှာ ဘာမင်ဂမ်မှ လက်စတာဆီ ရောက်ရှိလာခဲ့ပြီး ကစားသမားအဖြစ် နှစ်နှစ်ကြာ ဖြတ်သန်းခဲ့ဖူးပါတယ်။
လက်ရှိမှာ လက်စတာက ချန်ပီယံရှစ်တန်းဆင်းဇုန်အတွင်း ကျရောက်နေပြီး ရာသီကုန်ဖို့အတွက် ၁၄ ပွဲသာ ကစားဖို့ ကျန်ရှိပါတော့တယ်။