ပြင်းထန်တဲ့ဒဏ်ရာပြဿနာကြောင့် ဆေးရုံပါတက်လိုက်ရတဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း မာရှယ်
မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟောင်း အန်သိုနီမာရှယ်ဟာ မက္ကဆီကိုကလပ် မွန်တာရေးအသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရှိခဲ့တာကြောင့် ဒီအပတ်ထဲမှာ ဆေးရုံတင်လိုက်ရပါတယ်။
မာရှယ်ဟာ ပြီးခဲ့တဲ့နွေရာသီက လာမယ့်နှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်နဲ့ မွန်တာရေးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ပြင်သစ်ကစားသမား ဖြစ်လာခဲ့တာပါ။
အိုးထရက်ဖို့ဒ်မှာ ၉ နှစ်ကြာ ကျင်လည်စဉ်အတွင်း မန်ယူအတွက် ၃၁၇ ပွဲကစား၊ ၉၀ ဂိုး သွင်းယူပေးခဲ့တဲ့ အသက် ၃၀ အရွယ် မာရှယ်ဟာ အသင်းကနေ ထွက်ခွာပြီးကတည်းက ရုန်းကန်နေရတာ ဖြစ်ပါတယ်။
သူဟာ ဆီဗီလာမှာ အငှားနဲ့သွားကစားစဉ်ကလည်း မအောင်မြင်ခဲ့သလို ၂၀၂၄ ခုနှစ်မှာ AEK အေသင်အသင်းကို ရောက်ရှိခဲ့ပြီး အခု မက္ကဆီကိုလိဂ်မှာလည်း အခုအချိန်အထိ ခြေစွမ်းပြနိုင်ဖို့ ခက်ခဲနေပါတယ်။
အခုလည်း ဒီအပတ်ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းထဲကနေ လူနာတင်ကားနဲ့ ခေါ်ဆောင်သွားခဲ့ရပြီး ၄ ပတ်ကနေ ၆ ပတ်အထိ အနားယူရတော့မယ်လို့ အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"BBVA ကွင်းမှာ ကစားခဲ့တဲ့ လီယွန်နဲ့ ပွဲစဉ် ၆ မှာ ကစားသမား အန်သိုနီမာရှယ်ဟာ ညာဘက်ပခုံးအဆစ်လွဲ ဒဏ်ရာရရှိသွားခဲ့တယ်လို့ မွန်တာရေးအသင်းက အစီရင်ခံပါတယ်။ မာရှယ်ရဲ့ ပြန်လည်သက်သာလာမယ့် အခြေအနေကတော့ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်" လို့ အသင်းက ဆိုပါတယ်။
ဒီပြင်သစ်သားဟာ မွန်တာရေးအတွက် ၁၉ ပွဲမှာ ၁ ဂိုးပဲ သွင်းထားနိုင်ပြီး အခုလို ထပ်မံဒဏ်ရာရရှိသွားတာကြောင့် ယူနိုက်တက်ကနေ ထွက်လာပြီးနောက်ပိုင်း အဆင်မပြေဖြစ်နေတာကို ကြည့်ပြီး ပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။
မွန်တာရေးအသင်းဟာ မာရှယ်ကို ခေါ်ယူဖို့ ပေါင် ၃.၆ သန်း ဝန်းကျင် အသုံးပြုခဲ့တယ်လို့ သိရပေမဲ့ အခုအချိန်အထိတော့ ဒီအပြောင်းအရွှေ့က အလုပ်မဖြစ်သေးဘူးလို့ ဆိုရမှာပါ။
တနင်္ဂနွေနေ့က လီယွန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲက မွန်တာရေးကို အဆင့် ၆ နေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ နည်းပြ ဒိုမီနက်တောရန့် လက်အောက်မှာတော့ ဒါဟာ ဆိုးရွားတဲ့ ရာသီတစ်ခု ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။