ဘရန်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ မက်ကလက်ဖီးလ်ဒ်ကစားသမားတွေအတွက် ဂုဏ်ယူမိကြောင်းပြောကြားလာတဲ့ ရွန်းနီ
တနင်္လာနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေ ဖလားပွဲစဉ်မှာ ဘရန်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ သူ့ရဲ့ကစားသမားတွေအတွက် ဂုဏ်ယူမိတယ်လို့ မက်ကလက်ဖီးလ်ဒ်အသင်းနည်းပြ ဂျွန်ရွန်းနီက ပြောကြားခဲ့ပါတယ်။
တတိယအဆင့်မှာ လက်ရှိချန်ပီယံ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပြိုင်ပွဲပြင်ပရောက်အောင် အနိုင်ယူခဲ့တဲ့ ဒီအပျော်တမ်းလိဂ်ကလပ်အသင်းဟာ တနင်္လာနေ့ပွဲစဉ်မှာတော့ ဆမ်ဟီသ်ကို့ဒ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ အမှားကြောင့် ဘရန်ဖို့ဒေအသင်းကို ၁-ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ရွန်းနီက "ကျွန်တော့်ကစားသမားတွေ စွမ်းဆောင်နိုင်ခဲ့တာတွေနဲ့ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ်တစ်ခုလုံးအတွက် ကျွန်တော် တကယ်ကို ဂုဏ်ယူမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဒီထက်ပိုပြီး ဂုဏ်ယူဖို့တောင် မရှိတော့ပါဘူး။ ပွဲပြီးတဲ့အချိန်မှာ သူတို့အသင်းနည်းပြက ကျွန်တော်တို့ အဝတ်လဲခန်းထဲအထိ လာရောက်နှုတ်ဆက်ခဲ့တာဟာ တကယ်ကို အံ့အားသင့်စရာကောင်းပြီး လေးစားဖို့ကောင်းတဲ့ လုပ်ရပ်ပါ။ အခုတလော ဖြစ်ပျက်ခဲ့တာတွေက အရာရာဟာ အရမ်းကို မြန်ဆန်လွန်းခဲ့ပါတယ်။ ဒီလိုမျိုး နေ့ရက်တွေကို ပိုင်ဆိုင်ချင်လို့လည်း ကျွန်တော်တို့တွေ ဘောလုံးလောကထဲမှာ ရှိနေကြတာပါ။
ကစားသမားတွေက တကယ်ကို ထူးထူးခြားခြား ကောင်းမွန်ခဲ့သလို အသင်းရဲ့ ကစားကွက်ပုံစံကလည်း တော်တော်လေးကို အဆင်ပြေခဲ့ပါတယ်။ ကျွန်တော်တို့က တစ်ပတ်မှာ နှစ်ရက်ပဲ လေ့ကျင့်ခန်းဆင်းနိုင်တာဖြစ်ပေမဲ့ ပရီးမီးယားလိဂ်အသင်းတစ်သင်းကို အခုလို စွမ်းဆောင်ရည်မျိုးနဲ့ ယှဉ်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝကို ဒီကလပ်မှာပဲ စတင်ခဲ့သလို နည်းပြဘဝကိုလည်း ဒီမှာပဲ စတင်ခဲ့တာပါ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး အဆင့်တက်နိုင်ဖို့ မျှော်လင့်ထားသလို National League North ရဲ့ ပလေးအော့ဖ်အဆင့်ကို ရောက်နိုင်အောင်လည်း အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ ဆိုခဲ့ပါတယ်။