The network connection is lost.

Banner Image

နူအာကို စာချုပ်သက်တမ်းတိုးဖို့ ဘာတွေလိုအပ်မလဲဆိုတာ ထုတ်ပြန်လာတဲ့ ဘိုင်ယန်မြူးနစ်

အခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂိုးသမားနူအာနဲ့ပတ်သက်လို့ စာချုပ်သက်တမ်းတိုးမြှင့်ရေးဖြစ်နိုင်ချေတွေအပေါ် ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာမက်စ်အီဘရယ်လ်က ပြောကြားလာပါတယ်။

လာမယ့်မတ်လမှာ အသက် ၄၀ နှစ်ပြည့်မြောက်မယ့် နူအာက အခုဘောလုံးရာသီကုန်ဆုံးချိန် ဘိုင်ယန်မြူးနစ်နဲ့စာချုပ်သက်တမ်း တိုးမြှင့်မလား၊ ဒါမှမဟုတ် ကစားသမားဘဝအနားယူမလားဆိုတာကို စဉ်းစားသုံးသပ်နေပါတယ်။

ဒါပေမဲ့ တနင်္လာနေ့၊ Sport1 နဲ့အင်တာဗျူးမှာ မက်စ်အီဘရယ်လ်က ဒီဆုံးဖြတ်ချက်ကို နူအာတစ်ဦးတည်းအပေါ်မှာပဲ မမူတည်ပါဘူးလို့ ဆိုပါတယ်။

စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နူအာကိုယ်တိုင်လည်း ထိပ်တန်းအဆင့်မှာ ဆက်ပြီးစွမ်းဆောင်နိုင်ဖို့ လိုအပ်သလို အသင်းဘက်မှာလည်း ဒါကို ယုံကြည်မှုရှိဖို့ လိုအပ်တယ်လို့ အီဘရယ်လ်က အလေးပေးပြောကြားခဲ့ပါတယ်။

"သူကိုယ်တိုင်လည်း အခုလက်ရှိလိုမျိုးပဲ ထိပ်တန်းအဆင့်မှာ စွမ်းဆောင်နိုင်ရပါမယ်။ လာမယ့်ရာသီမှာလည်း ဒီလိုမျိုးပဲဖြစ်နေဖို့ လိုပါတယ်။ ဒါဟာ နူအာရဲ့ ခံစားချက်၊ သူဆက်ကစားချင်ရဲ့လားဆိုတာနဲ့ နောက်ထပ်တစ်နှစ်လောက်အထိ သူ့ရဲ့စွမ်းဆောင်ရည်ကို ထိန်းထားနိုင်မလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်" လို့ အီဘရယ်လ်က ပြောပါတယ်။

"အသက် ၄၀ နီးပါးရှိနေပြီဖြစ်ပေမဲ့ သူဟာ ဥရောပရဲ့ထိပ်တန်းဂိုးသမားတစ်ဦးအဖြစ် ရှိနေဆဲပါ။ ဒါပေမဲ့ ဒီအတိုင်း ဆက်ဖြစ်နေဖို့တော့ လိုပါတယ်။ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ အာရုံစိုက်မှုတွေအကြောင်းလည်း ဆွေးနွေးရပါဦးမယ်။ ဒါဟာ အသင်းဘက်မှ မျှော်လင့်ထားတဲ့အရာဖြစ်ပြီး အဖြေတစ်ခုရဖို့ သူ့နဲ့အတူတူ လက်တွဲလုပ်ဆောင်သွားချင်ပါတယ်"လို့ ပြောပါတယ်။

ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာမလားလို့ မေးမြန်းရာမှာတော့ အီဘယ်လ်က အခုလိုမျိုး ပြန်လည်ဖြေကြားခဲ့ပါတယ်။

"နူအာက အသင်းအတွက် သာမန်အပြောင်းအရွှေ့တစ်ခုမဟုတ်ဘဲ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သလို အရေးကြီးတဲ့ဂိုးသမားနေရာမှာ ကစားနေသူလည်း ဖြစ်ပါတယ်။"

"လက်ရှိ ကျွန်တော်တို့ရဲ့ ဂိုးသမားအခြေအနေက စိတ်ချရပါတယ်။ နူအာက နံပါတ်တစ်ဂိုးသမား၊ ဂျိုးနတ်စ်အာဘစ်က အရန်ဂိုးသမားအဖြစ် ရှိနေပြီး အတွေ့အကြုံရှိတဲ့ ဆဗန်အူရိုက်လည်း ရှိနေပါတယ်။ စတုဂတ်မှာ အငှားသွားကစားနေတဲ့ နူဘယ်လ်လည်း ရှိပါသေးတယ်။"

"ကျွန်တော်တို့က အလောတကြီးလုပ်နေတာမျိုးမဟုတ်ဘဲ သက်ဆိုင်သူအားလုံးနဲ့အတူအေးအေးဆေးဆေး ဆွေးနွေးသွားလို့ ရပါတယ်။ အဓိကဆွေးနွေးရမယ့်ပထမဆုံးလူကတော့ နူအာပါပဲ"

လတ်တလောမှာတော့ နူအာက ကြွက်သားမျှင်စုတ်ပြဲဒဏ်ရာကြောင့် ခေတ္တအနားယူနေရပါတယ်။