အော်စကာဘော့ဘ်ရဲ့ ခြေစွမ်းပြမှုကြောင့် စိတ်လှုပ်ရှားမိကြောင်း ပြောကြားလာတဲ့ ဖူလ်ဟမ်နည်းပြ ဆေးလ်ဗား
စတုတ်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်ဖ်အေ ဖလားပွဲစဉ်မှာ အနိုင်ရပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တဲ့အတွက် ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက ဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။ ဟာရီဆန်ရိဒ်ရဲ့ နောက်ကျသွင်းဂိုးကြောင့် ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဆေးလ်ဗားက အထူးသဖြင့် အော်စကာဘော့ဘ်ရဲ့ စွမ်းဆောင်ရည်အပေါ် အလွန်ကျေနပ်အားရနေပါတယ်။
"ဒီလိုပွဲမျိုးတွေက တကယ်ကို ခက်ခဲပါတယ်" လို့ ပွဲအပြီးမှာ ဆေးလ်ဗားက ပြောပါတယ်။ "အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ရဲ့ အရည်အသွေးကို သက်သေပြရမယ်ဆိုတာ သိထားပြီးသားပါ။ ဒီလိုပြိုင်ပွဲမျိုးမှာတော့ ဘာမဆိုဖြစ်သွားနိုင်တဲ့ မှော်ဆန်တဲ့အရာတွေ အမြဲရှိနေတတ်ပါတယ်။ အိမ်ကွင်းဖြစ်ဖြစ်၊ အဝေးကွင်းဖြစ်ဖြစ်၊ ပရီးမီးယားလိဂ်အသင်း ဒါမှမဟုတ် ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူး အသင်းတွေနဲ့ပဲ ကစားရကစားရ ဒါဟာ အမြဲတမ်း ခက်ခဲပါတယ်။ ဒီလိုပွဲမျိုးတွေကို ကျွန်တော်တို့ ဘယ်လောက်အထိ အလေးအနက်ထားတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ လူစာရင်းမှာ ၁၀ ယောက်အထိ ပြောင်းလဲခဲ့ပေမဲ့ အဆင်ပြေတယ်ဆိုတာကို ကစားသမားတွေက သက်သေပြခဲ့ကြပါတယ်။ ဒီကစားသမား အများစုဟာ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ ပွဲထွက်ကစားနိုင်တဲ့ အရည်အချင်းရှိကြသူတွေပါ" လို့ ၎င်းက ဆိုပါတယ်။
"ပွဲအစပိုင်းမှာ အနည်းငယ် အခက်အခဲရှိခဲ့ပေမဲ့ အသင်းက ထိန်းချုပ်မှုကို ဘယ်တော့မှ လက်မလွှတ်ခဲ့တဲ့အပေါ် တကယ်ကို ကျေနပ်မိပါတယ်။ ကျွန်တော်တို့အသင်း တုန်လှုပ်နေတယ်လို့ တစ်ခါမှ မခံစားရပါဘူး။ ရလဒ်ကို ကြည့်မယ်ဆိုရင်လည်း နောက်တစ်ဆင့် တက်ခွင့်ရခဲ့တာဟာ တကယ်ကို ထိုက်တန်ပြီး ဒီပွဲကို ကျွန်တော်တို့ အပြတ်အသတ် အနိုင်ရသင့်တာပါ။ ပထမပိုင်းမှာ ဂိုးနောက်ကျနေခဲ့ပေမဲ့ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ အခွင့်အရေးတွေအရဆိုရင် ပထမပိုင်းအပြီးမှာ ရလဒ်က ဒီထက်ပိုပြီး ကွဲပြားနေသင့်တာပါ။ အချို့အချက်တွေကို ပြန်ညှိခဲ့ပေမဲ့ တစ်ဦးကိုတစ်ဦး ယုံကြည်မှုတော့ အပြည့်အဝ ရှိခဲ့ပါတယ်။ ကျွန်တော် သူတို့ကို ပြောခဲ့တာက ကစားကွက် အရှိန်အဟုန်ကို မလျော့ဖို့က အရေးကြီးတယ်ဆိုတာပါပဲ" ဟု ဆေးလ်ဗားက ဆက်လက်ပြောကြားခဲ့ပါတယ်။
တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ရင် တကယ်ကို ကောင်းမွန်သလို အသင်းလိုက်အနေနဲ့လည်း တစ်ပွဲလုံးမှာ ခြေစွမ်းပြနိုင်ခဲ့ကြောင်း၊ ပေးလိုက်ရတဲ့ ဂိုးတစ်ဂိုးကလွဲရင် နောက်တန်းကလည်း အတော်လေး ကျစ်လျစ်မှုရှိခဲ့ကြောင်း ၎င်းက သုံးသပ်ခဲ့ပါတယ်။
"ဒီပွဲဟာ အချို့ကစားသမားတွေအတွက် အရေးကြီးပါတယ်။ ရိုဒရီဂို မူနစ်ဇ်နဲ့ ဂျော့ရှ်ကင်းတို့ ပြန်လာနိုင်တာက ကျွန်တော်တို့အတွက် အရေးပါပါတယ်။ သူတို့က ဒဏ်ရာအမျိုးမျိုးကနေ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ရာသီအစမှာ သူတို့နှစ်ယောက် ဘယ်လောက်အထိ တွဲဖက်ညီညီ ကစားနိုင်ခဲ့တယ်ဆိုတာ အားလုံး သိကြပါတယ်။ အော်စကာဘော့ဘ်ကတော့ တကယ့်ကို ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကွင်းထဲမှာ နေရာကျဉ်းကျဉ်းလေးတွေကနေ သူဖန်တီးပေးနိုင်တဲ့ အရည်အသွေးကို မြင်တွေ့ရမှာပါ။ ကီဗင်လည်း အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ဘယ်တောင်ပံဘက်ကနေ ကောင်းမွန်တဲ့ အခွင့်အရေးများစွာကို ဖန်တီးပေးခဲ့ပါတယ်" လို့ ဆေးလ်ဗားက နိဂုံးချုပ် ပြောကြားသွားခဲ့ပါတယ်။