ထရက်ဖို့ဒ်က ယုံကြည်စိတ်ချရတဲ့ဂိုသမားဖြစ်တယ်လို့ ဂွါဒီယိုလာ ချီးကျူး
ပြီးခဲ့တဲ့ စနေနေ့က ဆဲလ်ဖို့ဒ်စီးတီးအသင်းကို အနိုင်ယူပြီး မန်စီးတီးအသင်းအက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် နည်းပြ ပက်ဂွါဒီယိုလာက ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို အလွန်အမင်း ချီးကျူးစကား ဆိုခဲ့ပါတယ်။
အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာတော့ အယ်ဖီဒေါ်ရင်တန်ရဲ့ အစောပိုင်း ကိုယ့်ဂိုးကိုယ်သွင်းမိမှု၊ ဇန်နဝါရီမှာ အသင်းထဲ ရောက်ရှိလာတဲ့ မာ့ခ်ဂူဟီရဲ့ ပွဲပြီးခါနီး ခေါင်းတိုက်ဂိုးတွေနဲ့အတူ လိဂ်တူးကလပ်ကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ ပြိုင်ပွဲစုံ ၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဖူဟမ်ကို ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တုန်းက လူစာရင်းကို ဂွါဒီယိုလာက အပြောင်းအလဲ တော်တော်များများ ပြုလုပ်ခဲ့တာပါ။ တစ်ဖက်မှာလည်း အာဆင်နယ်အသင်းဟာ ဘရန်ဖို့ဒ်နဲ့ပွဲမှာ ချေပဂိုး အသွင်းခံခဲ့ရတာကြောင့် အမှတ်ပေးဇယားထိပ်က အသာစီးရမှုကို ၄ မှတ်အထိ လျော့ကျသွားစေခဲ့ပြီး ချန်ပီယံဆု လမ်းကြောင်းမှာ အမှားအယွင်း ဖြစ်ပေါ်ခဲ့ပါတယ်။
မန်စီးတီးကတော့ ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ရာသီရဲ့ အဆုံးအဖြတ်ကာလကို ရောက်ရှိလာချိန်မှာ အားသစ်လောင်းထားသလို ဖြစ်နေပါတယ်။ သူတို့ဟာ မတ်လ ၂၂ ရက်နေ့မှာ အာဆင်နယ်နဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိနေသလို ကျန်တဲ့ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာလည်း ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အန်ဖီးလ်ကွင်းမှာ လီဗာပူးကို နောက်ကနေ လိုက်ကစားပြီး အနိုင်ယူခဲ့တဲ့ ရလဒ်ဟာ ၁၉၃၇ ခုနှစ်နောက်ပိုင်း မန်စီးတီးအတွက် ပထမဆုံးအကြိမ် လီဗာပူးကို အပြန်အလှန် (အိမ်ကွင်း၊ အဝေးကွင်း) နှစ်ကျော့စလုံး အနိုင်ယူနိုင်တဲ့ မှတ်တမ်းလည်း ဖြစ်ခဲ့ပါတယ်။ ဒီရလဒ်က အီတီဟတ်ကွင်းရဲ့ အခြေအနေကို ပြောင်းလဲပေးခဲ့ပြီး ဂွါဒီယိုလာရဲ့ ကစားသမားတွေဟာ ဝေဖန်သူတွေ မှားယွင်းကြောင်း သက်သေပြဖို့နဲ့ ရာသီကို အောင်မြင်စွာ အဆုံးသတ်ဖို့ စိတ်အားထက်သန်နေကြပါတယ်။
လာမယ့်အပတ် အီတီဟတ်မှာ နယူးကာဆယ်ကို လက်ခံမကစားခင် မန်စီးတီးအတွက် ကြားရက် အနားရတာဟာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပါ။ ဒါဟာ ဝင်ဘလေမှာ အာဆင်နယ်နဲ့ မတွေ့ခင် ပြိုင်ဘက်အပေါ် ဖိအားပိုပေးဖို့ ကြိုးစားသွားမယ့် အနေအထားလည်း ဖြစ်ပါတယ်။
ရာသီကုန်ခါနီး အဆုံးအဖြတ်ကာလမှာ အဓိကကစားသမားတွေကို ကြံ့ခိုင်မှု ပြည့်ဝနေစေဖို့ ဂွါဒီယိုလာက လူထုတ်ပြန် ပြောင်းလဲမှုတွေ ပြုလုပ်မှာဖြစ်ပြီး စနေနေ့က အက်ဖ်အေဖလားပွဲမှာတော့ အဓိကဂိုးသမား ဒွန်နာရမ်မာကို အနားပေးခဲ့တာကြောင့် ထရက်ဖို့ဒ်အတွက် ခြေစွမ်းပြခွင့် ရခဲ့တာ ဖြစ်ပါတယ်။
“သူက တကယ်ကို ယုံကြည်အားကိုးရပါတယ်။ အရမ်းကောင်းတဲ့ ဂိုးသမားပါ” လို့ ဂွါဒီယိုလာက မန်စီးတီး အကယ်ဒမီထွက် ဂိုးသမား ထရက်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်အပေါ် BBC Sport နဲ့ အင်တာဗျူးမှာ ချီးကျူးခဲ့ပါတယ်။
ထရက်ဖို့ဒ်ဟာ မန်စီးတီးရဲ့ နံပါတ် ၁ ဂိုးသမားနေရာအတွက် ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့ နွေရာသီမှာ ပြန်လာခဲ့တာပါ။ ဒါပေမဲ့ ပီအက်စ်ဂျီကနေ ဒွန်နာရမ်မာကို ပေါင် ၂၆ သန်းနဲ့ ခေါ်ယူလိုက်ပြီးနောက်မှာတော့ သူဟာ ပရီးမီးယားလိဂ်မှာ တစ်မိနစ်တောင် ကစားခွင့် မရရှိခဲ့ပါဘူး။
၂၀၂၅ ခုနှစ် ဩဂုတ်လက ဝုလ်ဗ်၊ စပါးနဲ့ ဘရိုက်တန်တို့နဲ့ ပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ထရက်ဖို့ဒ်ရဲ့ ကစားခွင့်တွေဟာ ကာရာဘောင်းဖလား၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်မှာ ဘိုင်ယန်လေဗာကူဆင်ကို ရှုံးတဲ့ပွဲတွေမှာပဲ ရှိခဲ့တာပါ။
အီဒါဆန် ဖီနာဘာချီကို ပြောင်းရွှေ့သွားပြီးနောက် ဒွန်နာရမ်မာက အဓိကဂိုးသမားအဖြစ် ခြေကုပ်ယူထားပေမဲ့ မန်စီးတီးက ပြိုင်ပွဲစုံမှာ လမ်းကြောင်းပေါ် ရှိနေဆဲဖြစ်လို့ ဒီအင်္ဂလန်ဂိုးသမားလေးအတွက် အခွင့်အရေးတွေ ရနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဘန်လေကနေ ပေါင် ၂၇ သန်းနဲ့ ပြန်လည်ရောက်ရှိလာတဲ့ ထရက်ဖို့ဒ်ကတော့ သူ့ရဲ့ ကစားခွင့် နည်းပါးမှုအပေါ် ပွင့်ပွင့်လင်းလင်းပဲ ပြောကြားထားပြီး ဇန်နဝါရီမှာ နယူးကာဆယ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။