ဂျူဗင်တပ်စ်အသင်းရဲ့ ဒေါသတကြီး ကန့်ကွက်မှုတွေအပေါ် စီးရီးအေဒိုင်အဖွဲ့ချုပ် ပြန်လည်တုံ့ပြန်
အီတလီဒိုင်အဖွဲ့ အကြီးအကဲဖြစ်သူ ဂျီယန်လူကာရိုချီဟာ မနေ့က အင်တာမီလန်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဂျူဗင်တပ်စ်အသင်းရဲ့ ကန့်ကွက်ပြောဆိုမှုတွေကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ပွဲစဉ်ရဲ့ ၄၂ မိနစ်မှာ ပီယား ကာလူလူ အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရတဲ့ ဖြစ်ရပ်ဟာ ပွဲရဲ့အလှည့်အပြောင်းကို လုံးဝပြောင်းလဲသွားစေခဲ့ပြီး ဂျူဗင်တပ်စ်အသင်းသားတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့တာပါ။
ပထမပိုင်းပြီးခါနီးမှာ ပြင်သစ်နောက်ခံလူ ကာလူလူဟာ အင်တာမီလန်ကစားသမား ဘက်စတိုနီကို ဖောက်ဖျက်ကျူးလွန်ခဲ့တယ်ဆိုပြီး ဒုတိယမြောက် ဝါကတ်ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြန်လည်ပြသချက်တွေမှာတော့ ကာလူလူဟာ အင်တာမီလန်နောက်ခံလူနဲ့ အမှန်တကယ် ထိမိခြင်း မရှိတာကို တွေ့ခဲ့ရပါတယ်။
အဲဒီဆုံးဖြတ်ချက်အပေါ် ဂျူဗင်တပ်စ်အသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်သူဒါမီယန်ကိုမိုလီက အတော်လေးဒေါသအိုးပေါက်ကွဲခဲ့ပြီး ပထမပိုင်းပြီးချိန်မှာ ဒိုင်လူကြီး ဖက်ဒရစ်ကိုလာပန်နာ တစ်ခုခုလုပ်တော့မယ့် အခြေအနေမှာ နည်းပြ လူစီယာနို စပယ်လက်တီက ဝင်ရောက်တားဆီးခဲ့ရတယ်လို့ အီတလီသတင်းတွေက က ဖော်ပြခဲ့ပါတယ်။
ဒိုင်လူကြီး လာပန်နာ က သူမှားသွားကြောင်း ဝန်ခံထားပြီး ရိုချီကလည်း ဒီကနေ့မနက်မှာ အခုလို ပြောကြားခဲ့ပါတယ်။ "ဒီဖြစ်ရပ်အတွက် ကျွန်တော်တို့ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ လာပန်နာ ကတော့ စိတ်ဓာတ်တွေ တော်တော်လေး ကျနေတာပါ။ ဒါပေမဲ့ ကျွန်တော် အမှန်အတိုင်း ပြောရမယ်ဆိုရင် သူတစ်ယောက်တည်း မှားခဲ့တာ မဟုတ်ပါဘူး။ မနေ့ကပွဲမှာ သိသိသာသာကြီး ဟန်ဆောင်လဲကျမှုတစ်ခု ရှိခဲ့ပါတယ်။ ကျွန်တော်တို့ကို နည်းမျိုးစုံနဲ့ ထိခိုက်အောင်လုပ်ဖို့ ကြိုးစားနေကြတဲ့ အစဉ်အဆက် ဖြစ်ရပ်တွေထဲက တစ်ခုပါပဲ။"
ဒါ့အပြင် ၎င်းက ဆက်လက်ပြီး “နည်းပြတွေက ကျွန်တော်တို့ကို ဘယ်တုန်းကမှ မကူညီခဲ့တဲ့အပြင် အရှက်တောင် ခွဲခဲ့ကြပါသေးတယ်။ အဆုံးမှာတော့ ကျွန်တော်တို့က လူတိုင်းရဲ့ နောက်ဆုံးအားကိုးရာ ဖြစ်နေတာပါ။ ကျွန်တော်တို့ အမှားလုပ်မိရင် တာဝန်ယူရဲပေမဲ့ ကျွန်တော်တို့ဘက်က ရပ်တည်ကာကွယ်ပေးမယ့်သူ တစ်ယောက်မှ မရှိပါဘူး။"
"နောက်ထပ် ပြောချင်တာက ကျွန်တော် ဝမ်းနည်းမိတာဟာ အမှားကို ဝန်ခံတဲ့သူဆိုလို့ ကျွန်တော်တို့ပဲ ရှိနေတာပါ။ အမြဲတမ်း ဒိုင်ချုပ်ရိုချီ ရဲ့ အပြစ်ပဲဆိုရင်လည်း ကောင်းပါပြီ။ ဒါပေမဲ့ တခြားသူတွေလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပြီလို့ ကျွန်တော် ထင်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။