ပရီးမီးယားလိဂ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ကြိုးစားနေကြောင်းဖွင့်ဟလာတဲ့ ဝရက်ဇ်ဟမ်းပိုင်ရှင် ရိုင်ယန်ရေးနိုးလ်
ဝရက်ဇ်ဟမ်းအသင်း ပရီးမီးယားလိဂ်ကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေတဲ့ ခရီးစဉ်တစ်လျှောက် သူဖြတ်သန်းခဲ့ရတဲ့ အချိန်တွေနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင် ရိုင်ယန်ရေးနိုးလ်က ပြောကြားခဲ့ပါတယ်။ ဝရက်ဇ်ဟမ်းအသင်းပိုင်ရှင်တွေဖြစ်တဲ့ ရိုင်ယန်ရေးနိုးလ်နဲ့ ရော့ဘ်မက်အယ်လ်ဟန်နီတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အသင်းကို အောင်မြင်မှုတွေ ဆက်တိုက်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး အဆင့်ဆင့် တိုးတက်လာအောင် လုပ်ဆောင်ပေးခဲ့သူတွေ ဖြစ်ပါတယ်။
မြောက်ဝေးလ်ကလပ်ကို လွှဲပြောင်းရယူခဲ့တဲ့ ၅ နှစ်ပြည့် အထိမ်းအမှတ်ကို ကျင်းပနေချိန်မှာပဲ အခုဆိုရင် သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အောက်တစ်ဆင့်ဖြစ်တဲ့ ချန်ပီယံရှစ်ပြိုင်ပွဲဆီကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဟောလိဝုဒ်စတားတွေဖြစ်တဲ့ သူတို့နှစ်ဦးဟာ အသင်းကို ၃ ရာသီဆက်တိုက် အဆင့်တိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက်မှာတော့ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ပထမတန်း (ပရီးမီးယားလိဂ်) ဆီ တက်လှမ်းနိုင်ဖို့အတွက် ရေးနိုးလ်က ပရိသတ်တွေကို အခုလို သတင်းစကားပါးလိုက်တာပါ။
"ဒီလူနဲ့အတူ လက်တွဲလာခဲ့တာ ၅ နှစ်ရှိပါပြီ။ ကျွန်တော်တို့မှာ ဘယ်လိုဆေးဝါးနဲ့မှ ဖော်ပြလို့မရနိုင်တဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေနဲ့အတူ ရိုလာကိုစတာစီးနေရသလို ခံစားချက်မျိုးစုံကို ကြုံတွေ့ခဲ့ရပါတယ်။ အရင်က တစ်ခါမှ အတွေ့အကြုံမရှိခဲ့တဲ့ ရှုပ်ထွေးခက်ခဲတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်း စည်းစည်းလုံးလုံး ရှိခဲ့ကြသလို 'ကျွန်တော် မသိဘူး' ဆိုတဲ့ စကားလုံးကို ပြောဖို့လည်း ဝန်မလေးခဲ့ကြပါဘူး။ ဒါဟာ အင်္ဂလိပ်စာမှာ အကောင်းဆုံးစကားလုံးဖြစ်သလို ခေါင်းဆောင်တွေ ပြောသင့်တဲ့ အကောင်းဆုံးစကားလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေရာကို တကယ်ပဲ ချစ်မြတ်နိုးပါတယ်။ ကျွန်တော်တို့ဟာ မြို့တစ်မြို့ ဒါမှမဟုတ် ဘောလုံးကလပ်တစ်ခုကို ကယ်တင်ခဲ့တာ မဟုတ်ပါဘူး၊ အိပ်မောကျနေတဲ့ အနီရောင်သားရဲကြီးတစ်ကောင်ကို နိုးထလာအောင် မီးမောင်းထိုးပြခဲ့တာပါ။ အခုဆိုရင် အဲ့ဒီသားရဲကြီး နိုးထလာသလို ကျွန်တော်တို့လည်း နိုးကြားနေပါပြီ" လို့ ရေးနိုးလ်က ဆိုပါတယ်။
ရေးနိုးလ်ကတော့ ဝရက်ဇ်ဟမ်းအသင်းအကြောင်း ပြောလို့ကို မဝနိုင်အောင် ဖြစ်နေတယ်လို့ဆိုပါတယ်။။ အလျင်အမြန် တိုးတက်လာတဲ့ အသင်းအပေါ်ထားရှိတဲ့ သူ့ရဲ့အချစ်တွေကို The Athletic နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပြီး အသင်းအကြောင်း မေးလာရင် မပြောဘဲ မနေနိုင်လောက်အောင် ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။
"ကျွန်တော့်ကလေးတွေကတော့ ဒါကို တော်တော်စိတ်ပျက်နေကြတာ။ လမ်းပေါ်မှာ လမ်းလျှောက်နေတုန်း တစ်ယောက်ယောက်က Deadpool အကြောင်းလာမေးရင် 'ဟိုင်း' လို့ပဲ နှုတ်ဆက်ပြီး ၂ စက္ကန့်၊ ၃ စက္ကန့်လောက်ပဲ စကားပြောဖြစ်တာများပါတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က ဝရက်ဇ်ဟမ်းအကြောင်း လာပြောပြီဆိုရင်တော့ ကျွန်တော်က လမ်းဘေးဓာတ်တိုင်မှာ ကပ်ရပ်ပြီးကို အကြာကြီး ပြောတော့တာပဲ။ အဲ့ဒီအခါကျရင် ကျွန်တော့်ကလေးတွေက 'ဟာ... သွားပြီ' ဆိုတဲ့ မျက်နှာမျိုးနဲ့ ဖြစ်ကျန်ရစ်ခဲ့တာ" လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ဝရက်ဇ်ဟမ်းအသင်းဟာ ချန်ပီယံရှစ်ဇယားရဲ့ အဆင့် (၆) နေရာမှာ ရပ်တည်နေပြီး ပလေးအော့ဖ်အဆင့်ကနေတစ်ဆင့် သူတို့ရဲ့ အိပ်မက်တွေဆီ တက်လှမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။