The network connection is lost.

Banner Image

ဂျူဗင်တပ်စ်နဲ့ပွဲစဉ်သရေရလဒ်အပေါ် ကျေနပ်မိပါတယ်လို့ ဆိုလိုက်တဲ့ လာဇီယိုနည်းပြဆာရီ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဂျူဗင်တပ်စ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ လာဇီယိုကစားသမားတွေ ပြသခဲ့တဲ့ စိတ်ဓါတ်ပိုင်းကို နည်းပြဆာရီ အားရကျေနပ်နေပါတယ်။ တူရင်မြေပွဲစဉ်မှာ လာဇီယိုက နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့ပြီးမှ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပေမယ့် ဆာရီကတော့ အသင်းရဲ့ကစားပုံနဲ့ပတ်သက်လို့ ကျေနပ်နေခဲ့ပါတယ်။

ပွဲစဉ်အပြီး ဆာရီက "၂-၁ ဂိုးဖြစ်သွားချိန် ဂျူဗင်တပ်စ်တော့ ဂိုးတွေပြန်သွင်းပြီး ပွဲစဉ်ဆီပြန်လာမယ်ဆိုတာ ရှင်းပါတယ်။ သူတို့က ကျွန်တော်တို့ထက် ပိုပြီးတော့ကြံ့ခိုင်မှုရှိသလို ကျွန်တော်တို့ဘက်မှာလည်း ဂိုးဧရိယာထဲဆီရောက်လာတဲ့ဘောလုံးကို ရှင်းထုတ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါမျိုးဖြစ်နေတာ လနဲ့ချီကြာမြင့်နေပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

"တကယ်စိတ်ပျက်စရာကောင်းတာကတော့ ကျွန်တော်တို့တွေ ၃-၁ ဂိုးဖြစ်အောင် လုပ်နိုင်တဲ့ အခွင့်အရေးကောင်းတွေနဲ့ အနိုင်ကစားနိုင်မယ့်အခွင့်အရေး လက်လွှတ်လိုက်ရတာပါပဲ။ ဒါကတော့ တကယ်ကို ရင်ထဲမှာ ခါးသီးစရာကောင်းပါတယ်။ အဆုံးသတ်မှာတော့ အခက်အခဲပေါင်း ထောင်သောင်းချီရှိနေပေမဲ့ အရှုံးမပေးတတ်တဲ့အသင်းတစ်ခုကို ပိုင်ဆိုင်ထားရလို့ ကျွန်တော် ကျေနပ်မိပါတယ်။ ဒါဟာ အဝတ်လဲခန်းထဲက ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက မြင့်မားနေတယ်ဆိုတာကို ပြနေတာဖြစ်လို့ ကျွန်တော့်အတွက်တော့ ကျေနပ်စရာပါပဲ" လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် ဆာရီက "ကာတယ်လ်ဒီမှာတော့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာဖို့ တွန်းအားလေး နည်းနည်းလိုနေပါသေးတယ်။ မာလ်ဒီနီကတော့ ကောင်းတာလေးတွေ လုပ်ပြနိုင်ခဲ့ပါတယ်။ သူကိုယ်တိုင် ဂိုးအများကြီးမကန်နိုင်ခဲ့ရင်တောင် သူ့အသင်းဖော်တွေ ဂိုးသွင်းနိုင်မယ့်အနေအထားတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူလည်း အသင်းနဲ့ အတော်လေးအသားကျလာပါပြီ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။