The network connection is lost.

Banner Image

ပွဲစတင်မယ့်အချိန်အပေါ် ဒေါသထွက်နေပြီး ရောမဒါဘီပွဲကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်လိုက်တဲ့ ဆာရီ

စီးရီးအေ တာဝန်ရှိသူတွေက အငြင်းပွားစရာဖြစ်နေတဲ့ ရောမဒါဘီပွဲစဉ် (Derby della Capitale) ကန်မယ့်အချိန်ကို အတည်ပြုလိုက်ပြီးနောက်မှာတော့ လာဇီယိုနည်းပြ မော်ရီဇီယို ဆာရီက အဆိုပါပွဲစဉ်ကို သပိတ်မှောက်မယ်ဆိုတဲ့ ၎င်းရဲ့ခြိမ်းခြောက်မှုကို ထပ်မံပြုလုပ်လိုက်ပါတယ်။

လိဂ်စီစဉ်သူတွေနဲ့ ဒေသန္တရအာဏာပိုင်တွေဟာ လာဇီယိုနဲ့ အေအက်စ်ရိုးမားအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီခွဲမှာ ကျင်းပဖို့ သဘောတူညီခဲ့ကြတာဖြစ်ပြီး ဒီဆုံးဖြတ်ချက်က ဝါရင့်နည်းပြကြီး ဆာရီကို အကြီးအကျယ် ဒေါသထွက်စေခဲ့တာပါ။

ချယ်လ်ဆီးနည်းပြဟောင်း ဆာရီကတော့ အခုလို အချိန်ဇယားဆွဲတာဟာ စီးရီးအေတာဝန်ရှိသူတွေရဲ့ စီစဉ်မှုအားနည်းချက်ကို ပြသနေတာလို့ ယူဆနေပြီး ပွဲကို အစောကြီးစတင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကျိုးအကြောင်းနဲ့ပတ်သက်လို့လည်း လူသိရှင်ကြား မေးခွန်းထုတ်ခဲ့ပါတယ်။

"ကျွန်တော့်ရဲ့ ခံစားချက်ကတော့ တနင်္လာနေ့ဆိုရင် လာမယ်၊ ဒါပေမဲ့ တနင်္ဂနွေနေ့ ၁၂ နာရီခွဲဆိုရင်တော့ လာမှာမဟုတ်ဘူး၊ အဲဒီအချိန်ကျရင် သူတို့ဘာသာသူတို့ပဲ ကစားလိုက်ကြပါ" လို့ ဆာရီက Mediaset သို့ ပြောကြားခဲ့ပါတယ်။

"ဒီလို ရှုပ်ရှုပ်ထွေးထွေး ဖြစ်ကုန်တာဟာ လိဂ်ဘက်က မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကြောင့်ပါ။ စီရင်စုအုပ်ချုပ်ရေးမှူး ကတော့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ၊ အဲဒီရက်စွဲပဲ ဖြစ်လာဖို့ မျှော်လင့်ရတာပေါ့။ ကျွန်တော်သာ အသင်းဥက္ကဋ္ဌဆိုရင် အသင်းကို ပွဲထွက်ခိုင်းမှာတောင် မဟုတ်ပါဘူး။ ပွဲပျက်လို့ ရမှတ်တစ်မှတ် အလျော့ခံရမယ်ဆိုရင်တောင် အခုအချိန်မှာ ကျွန်တော်တို့အတွက် ဘာမှမထူးခြားတော့ပါဘူး" လို့ ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။