ဗန်ဘက်စတင်နဲ့နှိုင်းယှဉ်ခံရမှုအပေါ် တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာတဲ့ မာလန်
ရိုးမားအသင်းအတွက် စီးရီးအေ အဖွင့် ၄ ပွဲမှာတင် ၃ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ တိုက်စစ်မှူး မာလန်ဟာ နယ်သာလန်ဂန္ထဝင်တိုက်စစ်မှူး မာကိုဗန်ဘက်စတင်နဲ့ နှိုင်းယှဉ်ခံနေရတဲ့အပေါ် တုံ့ပြန်မှုတွေပြုလုပ်လာခဲ့ပါတယ်။
ကက်ဂလီယာရီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ ရိုးမားတို့အတွက် အလွန်ကောင်းမွန်တဲ့ ညတစ်ညဖြစ်ခဲ့သလို ၃ ပွဲဆက်တိုက် အနိုင်ရထားတဲ့ ပြိုင်ဘက်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၈ ရက်က တိုရီနိုနဲ့ပွဲစဉ်မှာ စီးရီးအေ ပွဲဦးထွက်ဂိုး စတင်သွင်းယူခဲ့တဲ့ မာလန်ဟာ အခုပွဲမှာတော့ အိုလံပီကိုကွင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း မာလန်ဟာ အီလီယာကပရီလီကို ကျဉ်းမြောင်းတဲ့ ထောင့်ကနေ လှပစွာ ကျော်ဖြတ်ပြီး ပထမဂိုးကို သွင်းယူခဲ့သလို ဇက်ကီချီလစ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် နောက်ခံလူတွေကြားကနေ ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ မာလန်ကို အီတလီဘောလုံးလောကမှာ အေစီမီလန်ဂန္ထဝင် ဗန်ဘက်စတင်ရဲ့ ခြေရာကို နင်းနိုင်မလားလို့ မေးမြန်းမှုတွေ ရှိခဲ့ပါတယ်။
"ဗန်ဘက်စတင်က အရမ်းထူးခြားတဲ့ ကစားသမားတစ်ဦးပါ၊ ကျွန်တော် အခုလို အနိုင်ရခဲ့လို့ အရမ်းပျော်ပါတယ်၊ ဂိုးတွေသွင်းနိုင်ခဲ့သလို အသင်းဖော်တွေလည်း ကောင်းကောင်းကစားနိုင်ခဲ့တာကြောင့် ဒါဟာ ကောင်းမွန်တဲ့ နေ့တစ်နေ့ပါပဲ" လို့ မာလန်က စကိုင်းစပို့အီတလီနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
မာလန်ဟာ အက်စတွန်ဗီလာအသင်းကနေ ယူရို ၂ သန်းနဲ့ အငှားလာရောက်ကစားနေတာဖြစ်ပြီး အကယ်၍ ရိုးမားအသင်း ဥရောပဝင်ခွင့်ရခဲ့ရင် ယူရို ၂၅ သန်းနဲ့ အပြီးသတ်ဝယ်ယူရမယ့် သတ်မှတ်ချက် ပါဝင်နေပါတယ်။
လက်ရှိမှာတော့ မာလန်ဟာ စီးရီးအေ ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး အသင်းရဲ့ လူငယ်ကြယ်ပွင့် နီကိုလိုပီဆီလီနဲ့ ပတ်သက်ပြီးတော့လည်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
"သူဟာ အံ့သြစရာကောင်းတဲ့သူပါ၊ လေ့ကျင့်ရေးမှာလည်း ကျွန်တော် သူ့ကို အမြဲစကားပြောဖြစ်ပါတယ်၊ အသင်းအတွက် သူ့လို စွမ်းအင်မျိုးရှိတဲ့ ကစားသမား လိုအပ်ပါတယ်" လို့ မာလန်က ဖွင့်ဟခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းက လာဇီယိုနဲ့ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ရိုးမားအသင်းဟာ အခုအနိုင်ရလဒ်နဲ့အတူ ဂျူဗင်တပ်စ်နဲ့ ရမှတ်တူ အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လူငယ်ကစားသမား ပီဆီလီကလည်း "ဒါဟာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုပါ၊ ကျွန်တော့်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ဖို့ ကြိုးစားခဲ့ပါတယ်၊ ခေတ်သစ်ဘောလုံးသမားတစ်ယောက်ဟာ အရာအားလုံးကို လုပ်နိုင်ရပါမယ်" လို့ ၎င်းရဲ့ ခံယူချက်ကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။