အင်တာမီလန်အတွက်ခြေစွမ်းနေပေမယ့် ကိုယ့်ကိုယ်ကိုယ် သာမန်ကစားသမားတစ်ယောက်အဖြစ်သာသတ်မှတ်ထားကြောင်းပြောကြားလာတဲ့ ဒီမာကို
အင်တာမီလန်အသင်းရဲ့ ဘယ်တောင်ပံခံစစ်ကစားသမား ဖက်ဒရီကို ဒီမာကိုဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံနဲ့ ခြေစွမ်းပြသနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ဆာဆူအိုလိုနဲ့ပွဲစဉ်မှာလည်း ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
မာပေး အားကစားကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါ စီးရီးအေပွဲစဉ်မှာ အင်တာမီလန်အသင်းက ဆာဆူအိုလိုကို ၅ ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီမာကိုဟာ အဆိုပါပွဲစဉ်ရဲ့ အတောက်ပဆုံးကြယ်ပွင့်ဖြစ်ခဲ့ပြီး သူ့ရဲ့ ဖန်တီးပေးမှုတွေကနေတစ်ဆင့် ယန်း ဘစ်ဆက်ခ်၊ မားကပ်စ် သူဟမ်၊ လော်တာရို မာတီနက်ဇ်၊ မန်နျူရယ် အကန်ဂျီနဲ့ လူးဝစ် ဟင်းရစ်တေးတို့က အသင်းအတွက် ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။
စီးရီးအေ သမိုင်းတစ်လျှောက်မှာလည်း ပွဲစဉ် ၂၄ ပွဲအပြီး ခံစစ်ကစားသမားတစ်ဦးအနေနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်ထက် ပိုမိုလုပ်ဆောင်နိုင်သူ မရှိခဲ့ဖူးဘဲ အခုအခါမှာတော့ ဒီမာကိုက ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာပါ။
အခုလို တောက်ပတဲ့ ခြေစွမ်းတွေနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ဘယ်တောင်ပံကစားသမားလို့ အများက သတ်မှတ်နေကြပေမဲ့ ဒီမာကိုကတော့ သူ့ကိုယ်သူ အထူးအဆန်း တစ်ယောက်လို မခံစားရကြောင်း ပွဲအပြီးမှာ နှိမ့်ချပြောဆိုသွားခဲ့ပါတယ်။
“ကျွန်တော် ဘာမှမဟုတ်ပါဘူး။ ခင်ဗျား ခြေစွမ်းပြနေတဲ့အချိန်မှာ လူတွေက ပါရမီရှင်လို့ ပြောကြလိမ့်မယ်၊ မဟုတ်ရင်တော့ ခင်ဗျားက လူညံ့တစ်ယောက် ဖြစ်သွားမှာပဲ။ ဒါဟာ ဘောလုံးလောကရဲ့ သဘောတရားပါပဲ” လို့ ဒီမာကိုက ဒီအေဇက်အန် သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စကိုင်းအားကစားသတင်းဌာနနဲ့ အင်တာဗျူးမှာလည်း “ကျွန်တော့်မှာ အရင်ကလည်း ကောင်းမွန်တဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။ အခုအချိန်ကတော့ ကိန်းဂဏန်းတွေအရ အကောင်းဆုံး ဖြစ်နေတာပါ။ ဒါပေမဲ့ အဓိက အရေးကြီးတာက အသင်းအောင်မြင်ဖို့နဲ့ မေလရောက်တဲ့အခါ ဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ပဲ ဖြစ်ပါတယ်” လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။
လက်ရှိမှာတော့ အင်တာမီလန်အသင်းဟာ ဒီမာကိုရဲ့ အားကိုးထိုက်တဲ့ ခြေစွမ်းတွေနဲ့အတူ စီးရီးအေ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတာ တွေ့ရတာ ဖြစ်ပါတယ်။