ဖာနန်ဒက်စ်နဲ့ ကတ်စ်မဲရိုးတို့ကိုကျော်ပြီး မိုင်နူးကိုချီးကျူးပြောဆိုလာတဲ့ အီယန်ရိုက်
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေနည်းတူ အာဆင်နယ် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ဟာ ပြီးခဲ့တဲ့ စနေနေ့က တော့တင်မ်နဲ့ပွဲစဉ်မှာ ကိုဘီမိုင်နူး ပြသခဲ့တဲ့ ခြေစွမ်းအပေါ် အလွန်အမင်း သဘောကျနေပါတယ်။
အသက် ၂၀ အရွယ် ကွင်းလယ်လူ မိုင်နူးဟာ ယာယီနည်းပြ မိုက်ကယ် ကာရစ် လက်ထက်မှာ ၄ ပွဲဆက်တိုက် ပွဲထွက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရူဘင်အာမိုရင် လက်ထက် ပထမရာသီဝက်မှာတော့ သူဟာ ပရီးမီးယားလိဂ် တစ်ပွဲမှ ပွဲထွက်ခွင့် မရခဲ့တာကို တွေ့ရပါတယ်။
မိုက်ကယ် ကာရစ်ဟာ အသင်းကို စတင်တာဝန်ယူချိန်ကတည်းက ဒီလူငယ်လေးကို ယုံကြည်မှု ပေးခဲ့ပြီး မိုင်နူးကလည်း နည်းပြရဲ့ ယုံကြည်မှုကို ချက်ချင်းဆိုသလို ခြေစွမ်းပြပြီး ပြန်လည်ပေးဆပ်ခဲ့တာ ဖြစ်ပါတယ်။
အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ပွဲစဉ်တွေမှာလည်း မိုင်နူးဟာ ကွင်းအတွင်း အများဆုံး ပြေးလွှားနိုင်ခဲ့သူ ဖြစ်သလို အမ်းမရိတ်စ်မှာ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ တော့တင်ဟမ် နဲ့ပွဲမှာလည်း မိုင်နူးဟာ ဘရိုင်ယန် အမ်ဘွေမို သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကို ထောင့်ကန်ဘော နည်းဗျူဟာကနေတစ်ဆင့် အကောင်းဆုံး ဖန်တီးပေးခဲ့တာပါ။
ဒါပေမဲ့ သူ့ရဲ့ ဂိုးဖန်တီးမှုတစ်ခုတည်းက ပရိသတ်တွေကို ဆွဲဆောင်ခဲ့တာ မဟုတ်ပါဘူး။ Fotmob ရဲ့ အချက်အလက်တွေအရ မိုင်နူးဟာ ပြိုင်ဘက် ဧရိယာအနီး ပေးပို့မှု ၁၀ ကြိမ်၊ ဘောလုံးဆွဲယူမှု ၂ ကြိမ်နဲ့ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဘောလုံးထိချက် ၃ ကြိမ်အထိ ရှိခဲ့ပါတယ်။
ခံစစ်ပိုင်းမှာလည်း ဖျက်ထုတ်မှု ၂ ကြိမ်၊ ရှင်းထုတ်မှု ၁ ကြိမ်နဲ့ ဘောလုံးပြန်လည် ရယူနိုင်မှု ၄ ကြိမ် ပြုလုပ်ခဲ့သလို မြေပြင်နဲ့ ဝေဟင် ယှဉ်ပြိုင်မှုတွေမှာလည်း အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။
ယူနိုက်တက် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရီးဗ်ကတော့မိုင်နူးအနေနဲ့ ယူနိုက်တက်အတွက် ကစားပုံ ညံ့ဖျင်းတဲ့ပွဲမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူးလို့ ဆိုပါတယ်။မိုင်နူးရဲ့ ကစားဟန်ဟာ သူငယ်ချင်းတွေနဲ့အတူ အပျော်ကစားနေသလိုမျိုး အေးအေးဆေးဆေး ရှိလှတယ်လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
အီယန်ရိုက်ကတော့ "ကော်ဘီ မိုင်နူးဟာ ဒီပွဲကို တကယ့်ကို စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်သွားတာပါ။ ယူနိုက်တက်လို အသင်းမျိုးမှာ ရှိသင့်တဲ့ ကစားသမားတွေဆီကနေ မျှော်လင့်ထားတဲ့ ခြေစွမ်းမျိုးကို မိုင်နူးက ပြသခဲ့တာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "မိုက်ကယ် ကာရစ်ဟာ ကစားသမားတွေကို ယုံကြည်မှုနဲ့ သူတို့ အဆင်ပြေမယ့် ကစားကွက်ကို ပေးနိုင်ခဲ့တာကြောင့် အခုလို အရည်အသွေးရှိတဲ့ ကစားသမားတွေဆီကနေ ရလဒ်ကောင်းတွေ ရနေတာ ဖြစ်ပါတယ်" လို့လည်း အီယန်ရိုက်က ဖွင့်ဟခဲ့ပါတယ်။