The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အူပါမီကာနို သဘောတူညီမှုရရှိ၊ ယူရို သန်း ၇၀ တန် စာချုပ်ဖျက်သိမ်းကြေးပါဝင်လာ

ပြင်သစ်လက်ရွေးစင်နောက်ခံလူအူပါမီကာနိုက ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပြီလို့ Kicker သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘွန်ဒက်လီဂါစံချိန်တင်ချန်ပီယံတွေက ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၃၅ ပွဲအထိ ကစားပေးထားတဲ့ အူပါမီကာနိုကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဒီလဆန်းပိုင်းမှာတင် အပြင်းအထန်ကြိုးစားအားထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်တွင်းမှာတော့ စာချုပ်ပါအချက်အလက်အသေးစိတ်တွေကို နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အခုသီတင်းပတ်ပိတ်ရက်မှာ အူပါမီကာနိုက စာချုပ်သစ်အတွက် နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်မယ်လို့ သိရပါတယ်။

စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်အသင်းဘက်က အူပါမီကာနိုအပေါ် ဖိအားပေးမှုတချို့ ရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ မက်စ်အီဘရယ်လ်နဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ အူလီဟိုးနက်စ်တို့က အူပါမီကာနိုကိုယ်တိုင် အမြန်ဆုံးဆုံးဖြတ်ချက်ချဖို့ ယမန်နေ့မှာပဲ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

မက်စ်အီဘရယ်လ်က အသင်းအပေါ် သစ္စာရှိဖို့အတွက်သာ အူပါမီကာနိုဆီတိုက်တွန်းခဲ့ပေမဲ့ အူလီဟိုးနက်စ်ကတော့ ထုံးစံအတိုင်း ကစားသမားရဲ့အေးဂျင့်ဖြစ်သူကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားရဲ့စာချုပ်သစ်ကို မကြာမီတရားဝင်ထုတ်ပြန်ကြေညာသွားဖို့ ရှိနေပါတယ်။

Sport Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီစာချုပ်သစ်ထဲမှာ ၂၀၂၆-၂၇ ဘောလုံးရာသီကုန်ဆုံးချိန် အသင်းမှထွက်ခွာခွင့်ရရှိမယ့် စာချုပ်ဖျက်သိမ်းကြေးကိစ္စရပ်ကိုလည်း ထည့်သွင်းညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။ဂျာမန်သတင်းဌာနရဲ့အဆိုအရ ယူရို ၆၅ သန်းတန်ကြေးရှိ ခံစစ်မှူးဟာ သူ့ရဲ့စျေးကွက်တန်ဖိုးကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် နောက်ထပ် ၁၈ လအကြာမှာ ယူရို သန်း ၇၀ ဝန်းကျင်ဖြင့် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာခွင့်ရရှိနိုင်တယ်လို့ သိရပါတယ်။