မိုင်နူးက ယူနိုက်တက်ရဲ့အနာဂတ်ဖြစ်လာမယ်လို့ ပြောကြားလိုက်တဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က လူငယ်ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ လောလောဆယ်မှာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရပေမယ့် အနာဂတ်မှာတော့ အိုးလ်ထရက်ဖို့ဒ်ရဲ့ တောက်ပတဲ့ကြယ်ပွင့်ကစားသမားဖြစ်လာမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
အသက်-၂၀ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာယူနိုက်တက်အတွက် ၁၂ ပွဲ ပါဝင်ကစားထားပေမယ့် ၁ ကြိမ်သာပွဲထွက်ကစားခွင့်ရထားပြီး ၁၁ ပွဲစလုံးကို လူစားဝင်ကစားသမားအဖြစ် ပါဝင်ထားရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ အာမိုရင်က မိုင်နူးအနေနဲ့ နေရာရဖို့အတွက် တိုက်ပွဲဝင်ရမယ်လို့ ပြောထားပေမယ့် ကစားသမားက အက်စတွန်ဗီလာနဲ့ပွဲစဉ်မတိုင်မီမှာရခဲ့တဲ့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အနားယူနေရပါတယ်။
သို့သော်လည်း မိုင်နူးနဲ့ပတ်သက်ပြီး အာမိုရင်က "မိုင်နူးကအသင်းမှာ အမြဲတမ်းအခွင့်အရေးရနေမှာပါ။ သူက နေရာစုံကစားနိုင်ပါတယ်။ ကွင်းလယ်ခံစစ်၊ ကွင်းလယ် ၃ ယောက်တည်းနေရာ၊ နောက်ဆုံးပွဲမှာဆိုရင် နံပါတ် ၁၀ နေရာမှာကစားပေးခဲ့တာပါ"
"သူကယူနိုက်တက်ရဲ့အနာဂတ်ဖြစ်လာမယ်လို့ ကျွန်တော်ခံစားရပါတယ်။ သူ့ရဲ့အခွင့်အရေးကို စောင့်ဖို့နဲ့ အသုံးချနိုင်ဖို့ပဲလိုတာပါ။ ဘောလုံးလောကမှာ ၂ ရက်အတွင်း အရာအားလုံးပြောင်းလဲသွားနိုင်ပါတယ်။ " လို့ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီမှာ မိုင်နူးကို အသင်းမှထွက်ခွာခွင့်ပေးဖို့ရှိမရှိမေးမြန်းခဲ့ရာမှာတော့ အာမိုရင်က "ကျွန်တော်တို့မှာ ကစားသမား လုံလုံလောက်လောက်မရှိဘူးဆိုရင်တော့ သူ့ကို ထွက်ခွာခွင့်ပေးဖို့ ခက်ခဲပါလိမ့်မယ်" လို့ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "ဇန်နဝါရီမှာ ကျွန်တော်တို့အတွက် အသုံးဝင်ဖို့သေချာတဲ့ကစားသမားမျိုးကိုပဲ ခေါ်ယူသွားမှာပါ။ မဟုတ်ရင်တော့ ကျွန်တော့်တို့မှာလည်း ကိုယ်ပိုင်အစီအစဉ်တွေရှိပါတယ်။ ဖလက်ချာနဲ့ရှေးလေစီတို့ကိုလူငယ်တွေလည်းရှိနေပါတယ်။ နောက် ၃ ပတ်လောက်ကြာရင် အာမက်၊ မာဇရာဝီနဲ့ အမ်ဘွေမိုတို့လည်းပြန်ရောက်လာမှာဖြစ်သလို၊ မိုင်နူးနဲ့ ဘရူနိုကလည်း ပြန်ကစားနိုင်တော့မှာပါ" လို့ပြောကြားခဲ့ပါတယ်။