အစာအဆိပ်သင့်မှုကြောင့် ဘုန်းမောက်နဲ့ပွဲကိုလွဲချော်သွားဖွယ်ရှိတဲ့ ဆက်စ်ကို
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ ဒဏ်ရာပြဿနာသက်သာနေပြီဖြစ်ပြီး လေ့ကျင့်ရေးပြန်ဆင်းနေပေမယ့် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာကြောင့် တနင်္လာနေ့ ဘုန်းမောက်နဲ့ပွဲစဉ်ကို လွဲချော်သွားနိုင်ချေရှိတယ်လို့ နည်းပြရူဘင်အာမိုရင်က အတည်ပြုပြောကြားလာခဲ့ပါတယ်။
အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့လက တော့တင်ဟမ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးခေါင်းဒဏ်ရာကြုံတွေ့ခဲ့တာဖြစ်ပြီး တစ်လခန့်ကြာအနားယူနေခဲ့ရပါတယ်။ လာမယ့်ဘုန်းမောက်နဲ့ပွဲစဉ်မှာတော့ ဆက်စ်ကိုအနေနဲ့ ပြန်လည်ပါဝင်ကစားဖို့ အခွင့်အရေးရှိခဲ့ပေမယ့် အာမိုရင်ရဲ့ပြောကြားချက်အရ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ပေါ်တူဂီသားနည်းပြက "ဘုန်းမောက်နဲ့ပွဲကို ဟယ်ရီမက်ဂွါရီနဲ့ ဒီလစ်ချ်တို့သေချာပေါက်လွဲချော်သွားမှာပါ။ ဆက်စ်ကိုကတော့ စောင့်ကြည့်ရပါဦးမယ်။ သူကစားနိုင်မယ်ဆိုတာမသေချာပါဘူး။ သူ အစာအဆိပ်သင့်ထားပါတယ်။ ဒါပေမယ့် လေ့ကျင့်ရေးအစီအစဉ် ၂ ခုကျန်နေသေးလို့ စောင့်ကြည့်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုလအတွင်း ယူနိုက်တက်ရဲ့အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘရိုင်ယန်အမ်ဘွေမိုနဲ့ အာမက်ဒီယာလိုတို့က အာဖရိကဖလားပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းသွားရမှာဖြစ်လို့ အာမိုရင်အနေနဲ့ ဆက်စ်ကိုကို တတ်နိုင်သလောက်လျင်လျင်မြန်မြန်ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
လာမယ့် ဘုန်းမောက်နဲ့ပွဲစဉ်မှာ အနိုင်ရခဲ့ပါက ယူနိုက်တက်အနေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာသို့တက်လှမ်းနိုင်ချေရှိတာကြောင့် နိုင်ပွဲဆက်လက်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။