The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲမှာ အနိုင်ဂိုးသွင်းခဲ့ပြီးနောက် အသင်းနည်းပြ မာရက်စ်ကာထံမှ ဘယ်လိုအကြံတွေရခဲ့သလဲ ဖွင့်ဟပြောကြားလာတဲ့ အက်စ်တီဗာအို


ချဲလ်ဆီးအသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမားလေး အက်စ်တီဗာအိုဝီလီယံဟာ စနေနေ့က လီဗာပူးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် အသင်းရဲ့နည်းပြ အန်ဇိုမာရက်စ်ကာထံမှ ဘယ်လိုအကြံဉာဏ်တွေရရှိခဲ့သလဲဆိုတာ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အသက်-၁၈ နှစ်အရွယ်ကစားသမားဟာ ဒုတိယပိုင်းမှလူစားဝင်ကစားသမားအဖြစ်စတင်ပါဝင်ခဲ့တာဖြစ်‌ပေမယ့် ချဲလ်ဆီးအတွက်အရေးပါတဲ့အနိုင်ဂိုးကို ပွဲကစားချိန် ၉၀+၅ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ အက်စ်တီဗာအိုက "ကျွန်တော် အရမ်းအရမ်းပျော်ပါတယ်။ ကျွန်တော့်အသင်းဖော်တွေ၊ မိသားစုနဲ့ ဘုရားကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ပြီးတော့ အသင်းရဲ့ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဂိုးက ကျွန်တော့်ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးဖြစ်ပြီး ဒီလိုပွဲကြီးပွဲကောင်းမှာရခဲ့လို့ ပိုဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အက်စ်တီဗာအိုဟာ ပြီးခဲ့တဲ့နွေရာသီက ပါမီးရက်စ်မှ ချဲလ်ဆီးသို့ ပေါင် ၅၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မာရက်စ်ကာရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ နေရာအတွက်တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ 

ဆက်လက်ပြီး ကစားသမားက "ကျွန်တော်မဝင်ခင်မှာနည်းပြကကျွန်တော့်ကို ဒီပွဲမှာစိတ်ကြိုက်ကစားဖို့နဲ့ သက်ရောက်မှုကိုပြသဖို့ အကြံပေးခဲ့ပါတယ်။ ဂိုးသွင်းဖို့နဲ့ အခွင့်အရေးဖန်တီးဖို့လည်း ပြောခဲ့ပြီး အခုတော့ သူပြောသလိုလုပ်နိုင်ခဲ့ပါပြီ။ ကျွန်တော့်ကိုယုံကြည်ပေးလို့ သူ့ကိုကျေးဇူးတင်ပါတယ်။ ဒီမှာနေရတာက ထင်ထားတာထက် အများကြီးပိုကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်ဒီမှာ ပျော်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ ချဲလ်ဆီးဟာ နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။