ဖလားသုံးလုံး ချန်ပီယံ မန်စီးတီးအသင်းရဲ့ ၂၀၂၃-၂၄ရာသီ အလားအလာကို သုံးသပ်ကြည့်ခြင်း
ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဟာ ဩဂုတ်လ၁၁ရက် သောကြာနေ့မှာ စတင်ယှဉ်ပြိုင်တော့မှာပဲ ဖြစ်ပါတယ်။ ၂၀၂၃-၂၄ရာသီက မန်စီးတီးအတွက် အစမကောင်းခဲ့ဘဲ တနင်္ဂနွေညက ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ကာ ဆုတံဆိပ်လက်လွှတ်ခဲ့ရပါတယ်။
ရာသီမစခင် ရှုံးပွဲနဲ့ ကြုံခဲ့ရပေမယ့် မန်စီးတီးအသင်းဟာ ရာသီသစ်မှာလည်း ဘောလုံးလောကကို လွှမ်းမိုးနိုင်မယ့် ရာသီတစ်ခုဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို သုံးကြိမ်ဆက် ဆွတ်ခူးထားနိုင်သလို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ လာမယ့်ရာသီသစ်အတွက် မန်စီးတီးအသင်းရဲ့ အလားအလာတွေကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ဆုဖလားအားလုံးကို ယှဉ်ပြိုင်နိုင်ဖို့ အင်အားတောင့်တင်းတဲ့ လူစာရင်းတစ်ခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ ရနိုင်သမျှဆုဖလားတွေအားလုံးကို ဆွတ်ခူးထားခဲ့ပြီးနောက် မန်စီးတီးဟာ အပြောင်းအရွှေ့စျေးကွက်အတွင်း လှုပ်ရှားမှုအများအပြားကိုတော့ ပြုလုပ်ထားခြင်း မရှိသေးပါဘူး။ မာရက်ဇ်နဲ့ ဂမ်ဒိုဂန် အသင်းက ထွက်ခွာသွားချိန် လိုအပ်ချက်တွေ ရှိခဲ့ပေမယ့် မန်စီးတီးက ကိုဗာဆစ်ကို ခေါ်ယူကာ အားဖြည့်ထားပါတယ်။ အလားတူ လာပေါ်တေးနဲ့ ကန်ဆယ်လိုတို့ ထွက်ခွာသွားနိုင်တဲ့ အခြေအနေမှာ လိုက်ပ်ဇစ်နောက်ခံလူ ဂျီဗာဒီအောကို ယူရိုသန်း၉၀နဲ့ ခေါ်ယူထားခဲ့ပါတယ်။ မာရက်ဇ်ရဲ့နေရာမှာတော့ ဘာနာဒိုဆေးလ်ဗားက ဝင်ကစားနေပြီး အရန်ကစားသမားအဖြစ် အာဆင်နယ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ၂၁နှစ်အရွယ် ကိုးလ်ပယ်မာကို အသုံးပြုသွားဖွယ် ရှိနေပါတယ်။ လူငယ်ကြယ်ပွင့်ဖိုဒန်ဟာလည်း လိုအပ်ရင် ညာတောင်ပံထွက်ပြီး ကစားနိုင်သူ တစ်ဦး ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ရာသီအစပွဲစဉ်အဖြစ် တန်းတက်ဘန်လေနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် ပွဲစဉ်၂မှာ နယူးကာဆယ်နဲ့ တွေ့နေလို့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ နယူးကာဆယ်အသင်းဟာ ယမန်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သလို နွေရာသီ အပြောင်းအရွှေ့အတွင်းမှာလည်း အသင်းကို အားဖြည့်ထားပါတယ်။ မန်စီးတီးအသင်း အတွက် နောက်ထပ်ခက်ခဲနိုင်တဲ့ပွဲစဉ်တွေကတော့ ပွဲစဉ်၈နဲ့ ပွဲစဉ်၁၀တို့မှာ ရင်ဆိုင်ရမယ့် အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။
အဆိုပါနှစ်သင်းစလုံးက ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ့် အသင်းတွေဖြစ်လို့ စီးတီးအတွက် ခက်ခဲနိုင်ပါတယ်။ မန်စီးတီးအသင်း လာမယ့်ရာသီမှာ ဘောလုံးလောကကို ဆက်လက်စိုးမိုးနိုင်မလားဆိုတာ မေးခွန်းထုတ်ခံရမယ့်ပွဲစဉ်လို့လည်း ဆိုနိုင်ပါတယ်။ ပွဲစဉ်၁၂နဲ့ ၁၃မှာလည်း ချဲလ်ဆီး၊ လီဗာပူးတို့နဲ့ ချဲလ်ဆီး၊ လီဗာပူးတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရနိုင်လို့ မန်စီးတီးအတွက် ပွဲကြပ်ကာလလို့ ဆိုနိုင်ပါတယ်။
ချဲလ်ဆီးနဲ့ လီဗာပူးတို့ဟာ ယမန်နှစ်ရာသီက အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ပြီး ရာသီသစ်အတွက် ရုန်းကန်လာနိုင်လို့ မန်စီးတီးအတွက် အခက်တွေ့နိုင်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း မန်စီးတီးဟာ ပွဲစဉ်၇ပွဲအထိ ကစားရမှာဖြစ်လို့ ပွဲအလွန်ကျပ်တဲ့ကာလလို့ ယူဆနိုင်ပါတယ်။ တော့တင်ဟမ်ကလွဲရင် အခြားအသင်းကြီးတွေနဲ့ ရင်ဆိုင်ရဖွယ်မရှိပေမယ့် ပွဲစဉ်တွေတောက်လျှောက်ကစားရမှာဖြစ်လို့ ကစားသမားအင်အား တောင့်တင်းဖို့ လိုအပ်ပါတယ်။
မတ်လဟာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ထပ်မံဆွတ်ခူးနိုင်မလားဆိုတာ စာမေးပွဲစစ်မယ့် လတစ်ခုလို့ဆိုနိုင်ပြီး ယူနိုက်တက်၊ လီဗာပူး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပွဲစဉ်၃၄ကတော့ မန်စီးတီးအသင်းအတွက် ရာသီသစ်အတွင်း အခက်ခဲဆုံးပွဲစဉ်လို့ ဆိုနိုင်ပြီး တော့တင်ဟမ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ မန်စီးတီးဟာ တော့တင်ဟမ်နဲ့ ရင်ဆိုင်ရတိုင်း ရှုံးနိမ့်တတ်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားတာကြောင့် ဒီပွဲစဉ်မှာရော ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
မန်စီးတီးအသင်းအတွက် လာမယ့်ရာသီ အားကိုးရမယ့် အဓိက ကစားသမားတွေကတော့ ဟာလန်းနဲ့ ဒီဘရိုင်းပဲ ဖြစ်ပါတယ်။ ဟာလန်းဟာ မန်စီးတီးကို ယမန်နှစ်ရာသီအစက ရောက်လာခဲ့ပြီး တစ်ခုခုလုပ်ပြနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် သူလုပ်ပြခဲ့တဲ့အရာတွေကိုတော့ ဘယ်သူမှ မျှော်မှန်းထားမယ်လို့ မထင်ပါဘူး။ ဟာလန်းဟာ ပရီးမီးယားလိဂ် ၃၅ပွဲကစားရာမှာ ၃၇ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ၈ဂိုး ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲဦးထွက်ရာသီမှာတင် မထင်မှတ်တာတွေ လုပ်ပြခဲ့တဲ့ ဟာလန်းတစ်ယောက် လာမယ့်ရာသီမှာလည်း ဒီထက်ပိုကောင်းတဲ့စွမ်းဆောင်ရည် ပြသနိုင်မလား စောင့်ကြည့်ရပါမယ်။
ဟာလန်းလိုပဲ ဒီဘရိုင်းဟာလည်း ယမန်နှစ်ရာသီ မန်စီးတီးအသင်းရဲ့အောင်မြင်မှုတွေထဲ အဓိကကျတဲ့ သော့ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ ဘောလုံးကိုင်ထားနိုင်တဲ့ စွမ်းရည်နဲ့ ဖန်တီးမှုစွမ်းရည်တို့က ဘောလုံးလောကမှာ သူမတူအောင် ကောင်းမွန်လှပါတယ်။ ဟာလန်း တိုက်စစ်မှာ ဂိုးတွေ တောက်လျှောက်သွင်းယူနိုင်တာကလည်း ဒီဘရိုင်းရဲ့စွမ်းဆောင်ရည်က အဓိကကျတဲ့နေရာကနေ ပါဝင်နေပါတယ်။
ဘယ်လ်ဂျီယံသားဟာ ယမန်နှစ်ရာသီ ၄၁ဂိုးအထိ ပါဝင်ပတ်သက်ထားနိုင်တာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ငါးရာသီအတွင်း မန်စီးတီးအတွက် အဓိက ကွင်းလယ်ဖန်တီးရှင်ဖြစ်ခဲ့တဲ့ ဒီဘရိုင်းတစ်ယောက် လာမယ့်ရာသီမှာလည်း အားကိုးရတဲ့ ကစားသမားတစ်ဦးဖြစ်လာမယ်ဆိုတာ သေချာနေပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာလည်း ဘောလုံးရာသီကို လွှမ်းမိုးသွားနိုင်ဖွယ် ရှိနေပါတယ်။ အသင်းမှာ ဟန်ချက်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားသလို ပြိုင်ပွဲတိုင်းကိုလည်း ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပါတယ်။ ကစားသမားအချို့ ထွက်သွားပေမယ့် မန်စီးတီးကတော့ ဘာမှစိတ်ပူနေစရာကို မလိုပါဘူး။
ဂျီဗာဒီအော ရောက်ရှိလာမှုကြောင့်လည်း မန်စီးတီးအသင်းဟာ ယမန်နှစ်ရာသီကထက်တောင် တောင့်တင်းလာဖို့ ရှိတာပါ။ ယမန်နှစ်ရာသီကအတိုင်း ပွဲထွက်လာမယ်လို့ မျှော်လင့်ကြပေမယ့် နည်းပြ ဂွါဒီယိုလာက နည်းစနစ်ပိုင်းကို အမြဲပြောင်းလဲတတ်သူတစ်ဦးအဖြစ် နာမည်ကျော်ပါတယ်။ ဂွါဒီယိုလာဟာ အပြောင်းအလဲကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး နည်းစနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ရာသီသစ်မှာ မြင်တွေ့ရဖို့ ရှိပါတယ်။ ဒါပေမယ့် မန်စီးတီးသာ ၃-၂-၄-၁ ကစားကွက်၊ ၄-၃-၃ ကစားကွက်တွေနဲ့သာ ကစားမယ်ဆိုရင် လိဂ်ကို ဆက်လက်လွှမ်းမိုးနိုင်ဖွယ် ရှိနေပါတယ်။
လီဗာပူး၊ ယူနိုက်တက်၊ အာဆင်နယ်တို့က ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူထားနိုင်ပေမယ့် မန်စီးတီးကို လိုက်မီဖို့ကတော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒါကြောင့် ဖလားသုံးကြိမ်ရပြီး ယုံကြည်မှုပြည့်၀နေတဲ့ မန်စီးတီးအသင်းအနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို လေးကြိမ်ဆက် ဆွတ်ခူးသွားနိုင်ဖွယ် ရှိကြောင်း သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။