
ဖလာမင်ဂိုကို တိုက်စစ်စွမ်းဆောင်ရည်ကောင်းပြသပြီး အနိုင်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်
ဖလာမင်ဂို ၂-၄ ဘိုင်ယန်မြူးနစ် (ပွဲပြီးရလဒ်)
ပွဲအစမိနစ်ပိုင်းမှာတင် ဘိုင်ယန်မြူးနစ်က နှစ်ဂိုးပြတ်ဦးဆောင်နိုင်ပေမယ့် ဖလာမင်ဂိုရဲ့တုံ့ပြန်ပုံကောင်းမွန်ခဲ့လို့ အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန်ရဲ့အစောပိုင်းမိနစ်တွေအတွင်း ဘိုင်ယန်မြူးနစ်က ပေါလ်ဂါ(O.G)၊ ဟယ်ရီကိန်းတို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်ထားခဲ့ပြီး ဂါဆန်က ဖလာမင်ဂိုအတွက် ချေပဂိုးသွင်းယူပေမယ့် ဂေါ်ရက်ဇ်ကာရဲ့လှပတဲ့အဝေးကန်ချက်မှတဆင့် ဘိုင်ယန်မြူးနစ်တို့ နောက်ထပ်သွင်းဂိုးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာလည်း ဖလာမင်ဂိုအတွက် ဂျော်ဂျင်ဟိုက ပယ်နယ်တီမှတဆင့် နောက်ထပ်ချေပဂိုးသွင်းယူပေမယ့် ပွဲချိန်အတွင်းတောက်လျှောက်ခြေစွမ်းပြနေတဲ့ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အတွက် အနိုင်သေချာစေမယ့် အပိတ်ဂိုးကို ရယူပေးခဲ့ပါတယ်။ အခုပွဲစဉ်အနိုင်ရလဒ်နဲ့အတူ ဘိုင်ယန်မြူးနစ်က ကွာတားဖိုင်နယ်အဆင့်မှာ ဥရောပချန်ပီယံပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရပါမယ်။