
ဝုဗ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ပါ့မလား သံသယနဲ့စောင့်ကြည့်ခံနေရတဲ့ ဂတ်ပို
လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ အဲဗာတန်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးတိုက်စစ်မှူးဂတ်ပို ဒဏ်ရာရရှိခဲ့လို့ တနင်္ဂနွေနေ့၊ ဝုဗ်နဲ့ပွဲစဉ်မှာပါဝင်ကစားနိုင်ရေး သံသယနဲ့ စောင့်ကြည့်သွားရပါလိမ့်မယ်။
မာဆေးဆိုဒ်ဒါဘီရဲ့ပွဲချိန် ၆၉ မိနစ်မှာ လူစားလဲလှယ်ခဲ့ရတဲ့ ပုံစံကောင်းရနေသူဒတ်ချ်တိုက်စစ်မှူးက အန်ဖီးလ်ကွင်းမှာသူပါဝင်ကစားခဲ့တဲ့ နောက်ဆုံးခုနစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အဲဗာတန်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားခဲ့တဲ့ အာနိုးလ်ကတော့ ဝုဗ်နဲ့ပွဲစဉ်ကို ပွဲထွက်ကစားလာဖွယ်ရှိပေမယ့် ဂျိုးဂိုးမက်ဇ် အနားယူရမှာဖြစ်သလို ကာတစ်ဂျုံးစ်ကလည်း ဂူဒီဆင်ပတ်ခ်အနီကတ်ပြစ်ဒဏ်နဲ့အတူ ဝုဗ်နဲ့ပွဲစဉ်ကို လွဲချော်သွားပါလိမ့်မယ်။
အန်းစလော့က “ အမှန်ပါပဲ၊ အာနိုးလ်ပြန်ကစားနိုင်နေပြီဆိုတာ ကျွန်တော်တို့အားလုံး မြင်တွေ့ခဲ့ရပါတယ်။ သူ့ကို နာရီဝက်လောက်ပေးကစားဖို့ ရည်ရွယ်ထားခဲ့တာပါ။ သူ့ကို နာရီဝက်ဝန်းကျင်လောက် ကစားခွင့်ပေးမယ်လို့ ကျွန်တော်ယူဆထားခဲ့ပါတယ်။ ဒါကြောင့် သူ ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်းပြန်ဆင်းသွားပါလိမ့်မယ်။
ဂျိုးဂိုးမက်ဇ်နဲ့ တိုင်လာမော်တန်တို့ကတော့ မကစားနိုင်သေးပါဘူး။ ဂတ်ပိုကိုလည်း သံသယနဲ့ စောင့်ကြည့်နေရပါတယ်။ သူ့ရဲ့အခြေအနေဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ သူ ဒဏ်ရာရရှိခဲ့လို့ ကျွန်တော်ဘက်က သူ့ကို လူစားလဲလှယ်ပေးဖို့ လိုအပ်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့အခြေအနေ ဘယ်လိုရှိမလဲဆိုတာတော့ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
ဂတ်ပိုက နိုဝင်ဘာလအတွင်း အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီးနောက် သူ့ရဲ့ အန်ဖီးလ်ကွင်းနောက်ဆုံးခုနစ်ပွဲမှာ ရှစ်ဂိုးအထိ သွင်းယူခဲ့ပါတယ်။
လီဗာပူးအသင်းက ဂူဒီဆင်ပတ်ခ်ကွင်းမာဆေးဆိုဒ်ဒါဘီနောက်ဆုံးပွဲစဉ်မှာ အဲဗာတန်နဲ့သရေကျပြီးနောက် အနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ကိုးမှတ်ဖြတ်ထားနိုင်မယ့်အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။
သူတို့တွေက အမှတ်ပေးဇယားအဆင့်-၁၇ မှာရှိနေတဲ့ ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိပေမယ့် အန်းစလော့ကတော့ အသင်းအတွက် ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။
အန်းစလော့က “ ဗစ်တာပါရဲယားရောက်ရှိလာပြီးနောက် အကောင်းဆုံးလုပ်ဆောင်ပြနေပြီး အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်အချို့ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်တနင်္ဂနွေနေ့ပွဲစဉ်ကလည်း နောက်ထပ်ပြင်းထန်တဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အခုအခြေအနေတွေက ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲရဲ့ရာသီနှောင်းပိုင်းကာလတွေမှာ ရင်ဆိုင်ရမယ့် သာမန်ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။
နိုင်ပွဲတစ်ခု လွယ်လွယ်ကူကူရရှိလိမ့်မယ်လို့တော့ မမျှော်လင့်လိုက်ပါနဲ့။ အမြဲတမ်းလိုလို ခက်ခဲတဲ့ပွဲစဉ်တစ်ခုပဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကစားသမားတွေကိုယ်တိုင်ကလည်း ခက်ခဲတဲ့ပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ အခုဘောလုံးရာသီတစ်ခုလုံး ပြသထားခဲ့ပြီးပါပြီ”လို့ ပြောပါတယ်။