
အာဆင်နယ်ကို ဝေဖန်ပြီး ဘုန်းမောက်ကို အလွတ်တည်ကန်ဘောဘုရင်အဖြစ် တင်စားခဲ့တဲ့ အန်းစလော့
အလွတ်တည်ကန်ဘောစွမ်းရည်နဲ့ပတ်သက်လို့ အထူးစပါယ်ရှယ်လစ်များအဖြစ် ဂုဏ်သတင်းတည်ဆောက်ထားနိုင်တဲ့ အာဆင်နယ်အသင်းရဲ့ Set-pieces ဗျူဟာပိုင်းမှာ တီထွင်ဖန်တီးမှုမရှိဘူးလို့ လီဗာပူးနည်းပြအန်းစလော့က ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အခုသီတင်းပတ်ကုန်၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် ဘုန်းမောက်အသင်းရဲ့ အလွတ်တည်ကန်ဘောစွမ်းရည်ကို ဂုဏ်ပြုချီကျူးချိန်မှာ အန်းစလော့က ဂန်းနားတွေကို စကားလုံးတိုက်စစ် ဆင်နွှဲခဲ့ပါတယ်။
အန်းစလော့က “ အာဆင်နယ်နဲ့မတူညီဘဲ ဘုန်းမောက်မှာ အလွတ်တည်ကန်ဘောနဲ့ပတ်သက်လို့ လက်နက်ကောင်းတစ်ခု ရှိပါတယ်။ အာဆင်နယ်ရဲ့ အလွတ်တည်ကန်ဘော ၁၀ ကြိမ်မှာ ၉ ကြိမ်လောက်က တူညီတဲ့စနစ်တစ်ခုကိုပဲ ကျင့်သုံးခဲ့ပါတယ်။ ဘုန်းမောက်ကတော့ သူတို့အတွက် အလွန်အသုံးဝင်မယ့်ပုံစံကို အမြဲတမ်းထုတ်သုံးလေ့ရှိပါတယ်”လို့ ပြောပါတယ်။
မကြာသေးမီနှစ်တွေအတွင်း အာဆင်နယ်က အလွတ်တည်ကန်ဘောအထူးနည်းပြ နီကိုးလပ်စ်ဂျိုဗာကို ခေါ်ယူပြီး ပြိုင်ဘက်ဂိုးဧရိယာအနီး သူတို့ရဲ့အစွမ်းအစကို ထုတ်ပြဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီလိုပြင်ဆင်မှုက အာဆင်နယ်အတွက်လည်း ပြိုင်ဘက်ကိုထိုးနှက်နိုင်ဖို့ လက်နက်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အန်းစလော့က အာဆင်နယ်အသင်းထောင့်ကန်ဘောရရှိချိန်တိုင်း ခြောက်ကိုက်စည်းအတွင်း တူညီတဲ့နေရာဆီဘောလုံးပေးပို့နေမှုကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ဒီည၊ Vitality ကွင်းပွဲစဉ်မှာ အန်းစလော့နဲ့လီဗာပူးက ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်ရဲ့ အလွတ်တည်ကန်ဘောဘုရင်ဖြစ်နေပြီလားဆိုတာ အဖြေရှာသွားရပါလိမ့်မယ်။ လီဗာပူးက ကြားရက်ချန်ပီယံလိဂ်ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ပေမယ့် အဓိကကစားသမားတော်တော်များများကို အခုပွဲစဉ်အတွက် အနားပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကလည်း မနက်ဖြန်မှာ မန်စီးတီးကို ဧည့်ခံကစားပြီး သူတို့ရဲ့အလွတ်တည်ကန်ဘောစွမ်းရည်ကို ပွဲစဉ်ရဲ့အဆုံးအဖြတ်လက်နက်တစ်ခုအဖြစ် ထုတ်သုံးသွားနိုင်ပါတယ်။