The network connection is lost.

Banner Image

သူအထုတ်ခံရပြီးနောက်ပိုင်းမှာ ဘာစီလိုနာက ပိုမိုဆုတ်ယုတ်သွားခဲ့တယ်လို့ မထိတထိပြောကြားလာတဲ့ ရော်နယ်ကိုးမန်း

နယ်သာလန်နည်းပြချုပ် ရော်နယ်ကိုးမန်းက အသင်းဟောင်း ဘာစီလိုနာဟာ သူထုတ်ပယ်ခံရပြီးနောက်ပိုင်းမှာ ပိုမိုဆုတ်ယုတ်လာကြောင်းနဲ့ နည်းပြတွေဟာ အသင်းဥက္ကဌရဲ့ထောက်ခံမှုကိုလိုအပ်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။

ကိုးမန်းဟာ ဘာစီလိုနာကို ၁၄ လကြာ ကိုင်တွယ်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာတော့ အသင်းနဲ့ လမ်းခွဲခဲ့ကာ အသင်းရဲ့ဂန္ထဝင်ကစားသမားဟောင်း ဇာဗီက နည်းပြသစ်အဖြစ် အစားထိုးဝင်ရောက်ခဲ့ပါတယ်။ အသင်းကနေ ထုတ်ပယ်ခံရပြီးနောက်မှာ ကိုးမန်းက သူ့အနေနဲ့ ဘာစီလိုနာမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို စာအုပ်တစ်အုပ်ပင် ရေးနိုင်တယ်လို့ မကြာခဏပြောကြားခဲ့ပါတယ်။

ယခုအခါမှာတော့ ကိုးမန်းက သူ့ရဲ့အသင်းဟောင်းကို ဝေဖန်မှုတွေပြုလုပ်လာခဲ့ပြီး ဘာစီလိုနာဟာ ဇာဗီရဲ့လက်ထက်မှာ တိုးတက်မှုမရှိကြောင်းနဲ့ သူ့အနေနဲ့ ကလပ်အသင်းဥက္ကဌဂျိုအန်လာပေါ်တာထံကနေ လုံလောက်တဲ့အချိန်ပေးမှုနဲ့ ထောက်ပံ့မှုမရခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ကိုးမန်းက “ကျွန်တော်ပြောခဲ့သလိုပါပဲ ဘာစီလိုနာကို ကိုင်တွယ်တုန်းက အသင်းဥက္ကဌဆီကနေ ဇာဗီရခဲ့တဲ့ ထောက်ခံမှုမျိုးကို ကျွန်တော် မရခဲ့ပါဘူး။ အသင်းက မက်ဒရစ်အနောက် ၉ မှတ်လောက် ပြတ်ကျန်ခဲ့တဲ့အချိန်မှာ သူတို့ ကျွန်တော့်ကို ထုတ်ပယ်ခဲ့ပါတယ်။ အခုတော့ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်နောက် ၁၀ မှတ်အထိ ပြတ်ကျန်ခဲ့ပါပြီ။ အောင်မြင်မှုရဖို့ဆိုရင် ကလပ်အသင်းဥက္ကဌဆီကနေ ထောက်ခံမှုရဖို့လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ကိုးမန်းနေရာမှာ အစားထိုးဝင်ရောက်လာပြီးနောက်မှာတော့ ဇာဗီဟာ လိဂ်ဖလားနဲ့ စပိန်စူပါဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး လာမိုင်းယာမယ်နဲ့ ဖာမင်လိုပက်ဇ်တို့လို ကြယ်ပွင့်ကစားသမားလေးတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဇာဗီကလည်း ၂ ရာခွဲအကြာမှာတော့ ရှုပ်ထွေးတဲ့အခြေအနေတွေနဲ့အတူ အသင်းကနေထုတ်ပယ်ခံခဲ့ရပြီး ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဟန်စီဖလစ်ခ်နဲ့ အစားထိုးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ဘာစီလိုနာဟာ ဖလားလက်မဲ့ဖြစ်ခဲ့တာကြောင့် နည်းပြသစ် ဖလစ်ခ်အနေနဲ့ နောက်ရာသီမှာ အသင်းအတွက် ဆုဖလားတွေဆွတ်ခူးပေးနိုင်ဖို့ အဓိကအားထုတ်သွားရမှာဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအချိန်မှာ ဘာစီလိုနာက ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေနဲ့လုံးပန်းနေရပြီး ကစားသမားခေါ်ယူဖို့ ဘတ်ဂျက်ငွေအလုံအလောက်မရှိတာကြောင့် ဖလစ်ခ်အနေနဲ့ စွမ်းဆောင်ရည်ကောင်းရဖို့ ရုန်းကန်သွားရနိုင်ချေရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ခါးသီးတဲ့ အယ်လ်ကလက်စီကိုပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကတော့ အမ်ဘာပေကို ခေါ်ယူထားနိုင်တာကြောင့် ဥရောပရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။