၂၀၂၄ ခုနှစ်ဘော်လွန်းဒီအော်ဆုပေးပွဲရလဒ်ပိုင်းက တရားမျှတမှုမရှိဘူးလို့ ပြောဆိုလိုက်တဲ့ စီရော်နယ်ဒို
ဘော်လွန်းဒီအော်ငါးကြိမ်ဆုရှင်စီရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်စတားဗင်နီးစီယက်စ်လွဲချော်ခဲ့တဲ့ အခုနှစ်ဆုပေးပွဲရလဒ်နဲ့ပတ်သက်ပြီး မျှတမှုမရှိဘူးလို့ ပြီးခဲ့တဲ့သောကြောနေ့မှာ ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာလအတွင်း မန်စီးတီးကွင်းလယ်လူရိုဒရီက ရေပန်းအစားဆုံးဗင်နီးစီးယက်စ်ကို ကျော်ဖြတ်ပြီး အခုနှစ်အတွက် ဂုဏ်သိက္ခာအကြီးမားဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရိုဒရီက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုလေးကြိမ်ဆက်ရရှိအောင် ကူညီပေးခဲ့သလို စပိန်အသင်းနဲ့လည်း ယူရို-၂၀၂၄ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
တဖက်မှာလည်း တိုက်စစ်မှူးဗင်နီးစီးယက်စ်က ရီးရဲလ်မက်ဒရစ်ကို စံချိန်တင် ၁၅ ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဗင်နီးစီးယက်စ်ရဲ့ ရီးရဲလ်မက်ဒရစ်အသင်း သပိတ်မှောက်မှုနဲ့အတူ ပါရီမြို့မှာကျင်းပခဲ့တဲ့ အခုနှစ်ဆုပေးပွဲကလည်း အငြင်းပွားစရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
Global Soccer Awards ဆုပေးပွဲအခမ်းအနားအတွင်း ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းစီရော်နယ်ဒိုက “ကျွန်တော့်အမြင်အရ ဗင်နီးစီးယက်စ်က ရွှေဘောလုံးဆုရှင်ဖြစ်လာဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒီရလဒ်ပိုင်းက တရားမျှတမှုမရှိပါဘူး။ ဒါကို လူမြင်ကွင်းရှေ့ ဒီအခမ်းအနားမှာ ကျွန်တော် ပြောလိုပါတယ်။ သူတို့တွေက ရိုဒရီကို ဆုပေးလိုက်ပါတယ်။ ရိုဒရီလည်း ရွှေဘောလုံးဆုနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလားဆုရှင်ဖြစ်ခဲ့တဲ့ ဗင်နီးစီးယက်စ်ကိုပဲ ဒီဆု ပေးသင့်ပါတယ်”လို့ ပြောပါတယ်။
ဘော်လွန်းဒီအော်ဆုဆွတ်ခူးနိုင်မှုနဲ့ပတ်သက်လို့ အာဂျင်တီးနားကြယ်ပွင့်မက်ဆီကသာ စုစုပေါင်းရှစ်ကြိမ်ဖြင့် စီရော်နယ်ဒိုထက် သာလွန်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဘော်လွန်းဒီအော်ဆုရှင်ကို နိုင်ငံတကာမှ အားကစားဂျာနယ်လစ် ၁၀၀ ဦးက မဲပေးရွေးချယ်လေ့ရှိပါတယ်။