တောင့်တင်းတဲ့ ချဲလ်ဆီး ခံစစ်ကို စမ်းသပ်မယ့် ဝက်စ်ဟမ်းရဲ့ အားကောင်းလှတဲ့ set-pieces
ပရီးမီးယားလိဂ်ပွဲစဉ် ၁၅မှာတော့ ဝက်စ်ဟမ်းနှင့် ချဲလ်ဆီး ထိပ်တိုက်တွေ့ဆုံမှု လန်ဒန်ဒါဘီပွဲ ရှိနေပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်း အသင်းရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ set-pieces ကစားနိုင်စွမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ရာသီအစ တာထွက်ကောင်းခဲ့မှုကြောင့်် ထိပ်ဆုံး၄သင်း ဝင်ရောက်ပြီး နောက်ပိုင်း ဝက်စ်ဟမ်း ခြေကျလာနေပါတယ် နောက်ဆုံး၃ပွဲဆက်ကို နိုင်ပွဲပျောက်ထားပြီး ၂ဂိုးသာလျှင် ဂိုးသွင်းခဲ့တယ်။ ချဲလ်ဆီးအသင်းခံစစ်က ယခုနှစ် ပရီးမီးယားလိဂ်မှာ ၆ဂိုးသာ ပေးထားရပြီး အကျစ်လစ်ဆုံးဖြစ်နေလို့ ဝက်စ်ဟမ်းတိုက်စစ်က ထိုးဖောက်နိုင်ဖို့အခက်အခဲရှိမှာပါ။
ဒါပေမဲ့ လီဗာပူးကို ဒုက္ခပေးခဲ့သလိုမျိုး set-pieces တွေနဲ့ခြင်္သေ့ပြာတွေကို အလဲထိုးဖို့နည်းပြမိုယက်စ် ပြင်ဆင်နိုင်ပါတယ်။ ဘရိုက်တန်နဲ့၁-၁ သရေကျတဲ့ပွဲမှာ ထောင့်ကန်ဘောတိုင်းကို ဂိုးသမားနားမှာ ဒီကလန်ရိုက်စ်၊ အန်တိုနီယို၊ ဆူဆက်တို့ရှိနေခဲ့တယ်။ ယခုနှစ်အတွင်း ဒီဗျူဟာက ဝက်စ်ဟမ်း အသုံးပြုနေတဲ့ စနစ်ဖြစ်ပြီး ထောင့်ကန်ဘောရတိုင်း ဂိုးသမားနားမှာ အနည်းဆုံးကစားသမား ၂ယောက် ၃ယောက်ခန့် ရှိနေပါတယ်။
ဒီနှစ်မှာ ဝက်စ်ဟမ်းက ထောင့်ကန်ဘော ၅၄ကြိမ်အထိ ရထားပြီး ဘန်လေ (၅၅ကြိမ်)ပြီးရင် အများဆုံးဖြစ်ပါတယ်။ မိုယက်စ် ရောက်ရှိလာပြီးနောက်ပိုင်း ဝက်စ်ဟမ်း ဟာ set-pieces အားသာချက် ပိုများလာပြီး အဲဒီကနေ ၃၃ဂိုးအထိ ရထားကာ သွင်းဂိုးအားလုံးရဲ့ ၂၈.၇%လောက်က setpieces ကနေ ရတဲ့ ဂိုးတွေ ဖြစ်နေပါတယ်။
လီဗာပူး (၂၉ဂိုး)၊ ချဲလ်ဆီး (၂၇ဂိုး)၊ မန်စီးတီး (၂၅ဂိုး) အဲဗာတန် (၂၄ဂိုး) တို့ထက်စာရင် ဝက်စ်ဟမ်းအသင်း setpieces ကနေ ရတဲ့ ဂိုးဟာ ပိုများနေတာ တွေ့ရပါတယ်။
အလားတူ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ဂိုးသွင်းယူနိုင်မှုက မိုယက်စ်လက်ထက် ၂၄ဂိုးအထိ ရှိပြီး လီဗာပူး(၂၅ဂိုး) သာလျှင် ဒီထက်ပိုများပါတယ်။ ဝက်စ်ဟမ်းအသင်းမှာ ထောင့်ကန်ဘောတွေ ဖရီးကစ်တွေကနေ ဂိုးအများဆုံး သွင်းထားနိုင်သူက ကွင်းလယ်ခံစစ်သမား ဆူဆက် ဖြစ်ပါတယ်။
၂၀၂၀ ဖေဖော်ဝါရီလမှာ ပရီးမီးယားလိဂ်တွင် ပထမဆုံးပွဲထွက်ပြီးနောက်ပိုင်း ချက်ဇ်ကွင်းလယ်လူဟာ နောက်ခံလူ ဇူးမား၊ဒေါ်ဆင်တို့နဲ့အပြိုင် ဂိုးပိုသွင်းထားနိုင်ပါတယ်။ ဇူးမားနှင့် ဒေါ်ဆင်တို့က setpieces ကနေ ၆ဂိုးနှင့် ၅ဂိုးအသီးသီး သွင်းယူထားပါတယ်။ ကယ်လ်ဗက်လီဝင် (၈ဂိုး)ပြီးရင် ဆူဆက်က ၇ဂိုးဖြင့် ထောင့်ကန်ဘော၊ ဖရီးကစ်တွေကနေ အသုံးချနိုင်ဆုံး ကစားသမားအဖြစ် ရှိနေပါတယ်။
ဒီအချက်ကို ထောက်ရူရင် စနေဒါဘီပွဲမှာ ဝက်စ်ဟမ်းအသင်းဟာ ကြားရက်တွင် ဝက်ဖို့ဒ်နဲ့ ပွဲက ခြေစွမ်းကျခဲ့တဲ့ ချဲလ်ဆီးကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အဆိုပါပွဲတွင် ချဲလ်ဆီးက ၂-၁ဖြင့် နိုင်ခဲ့တယ်ဆိုပေမယ့် ဘောလုံးပေးပို့မှုတွင် ၇၁%သာ အောင်မြင်ခဲ့ပြီး တူချယ်လက်အောက် စွမ်းဆောင်ရည်အနိမ့်ဆုံးပွဲတစ်ပွဲ ဖြစ်ထားပါတယ်။
လန်ဒန်ကွင်းတွင် တူချယ် ဘာတွေဖြစ်လာမလဲဆိုတာ သိထားမှာမှန်ပေမယ့် သူရဲ့ ကစားသမားတွေက တူချယ်အလိုကျ ကစားနိုင်ပါ့မလားဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ။