
အိုနာနာဒဏ်ရာရရှိနေတာကြောင့် ဂိုးသမားသစ်ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့နံပါတ် ၁ ဂိုးသမား အန်ဒရေအိုနာနာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ယခုအခါမှာ ဂိုးသမားသစ်ခေါ်ယူဖို့ အပြောင်းအရွှေ့ဈေးကွက်အတွင်း ရှာဖွေမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ The Mirror သတင်းဌာနရဲ့အဆိုအရ အိုနာနာရဲ့ဒဏ်ရာဟာ လက်ရှိအချိန်မှာတော့ မျှော်လင့်ထားသလောက် ပြင်းထန်မှုမရှိဘဲ ရာသီကြိုကာလမကုန်ဆုံးမီမှာပဲ ယူနိုက်တက်အတွက် ပြန်လည်ကစားနိုင်မယ်လို့သိရပါတယ်။ အသက်-၂၉ နှစ်အရွယ်ကစားသမားဟာ တံကောက်ကြော စုတ်ပြဲသွားခဲ့တာမဟုတ်ဘဲ သာမန်ဒဏ်ရာပြဿနာသာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် အိုနာနာဟာ အမေရိကန်သို့ထွက်ခွာသွားမယ့် ယူနိုက်တက်ရဲ့လူစာရင်းမှာ ပါဝင်သွားနိုင်မှာဖြစ်ပါတယ်။သို့သော်လည်း ကင်မရွန်းသားအနေနဲ့ အသင်းရဲ့ပွဲစဉ်တိုင်းကိုတော့ ပါဝင်ကစားနိုင်ဖို့မရှိဘဲ ဩဂုတ်လ ၃ ရက်နေ့ အဲဗာတန်နဲ့ကစားရမယ့် ခြေစမ်းပွဲစဉ်မှသာ ပထမဆုံးအကြိမ် ဝင်ရောက်ကစားနိုင်ချေရှိတယ်လို့သိရပါတယ်။
ယူနိုက်တက်ဘက်ကတော့ ခေတ္တလစ်လပ်သွားမယ့်အိုနာနာရဲ့နေရာမှာ အက်စတွန်ဗီလာဂိုးသမား အီမီလီယာနိုမာတီနက်ဇ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေကဆိုပါတယ်။ အိုနာနာအနေနဲ့ လာမယ့် ၂၀၂၅-၂၆ ရာသီမှာလည်း ယူနိုက်တက်မှာဆက်လက်နေထိုင်ဖို့ ဆန္ဒရှိနေပေမယ့် အသင်းက မာတီနက်ဇ်ကိုသာခေါ်ယူလိုက်မယ်ဆိုရင်တော့ နံပါတ် ၁ ဂိုးသမားနေရာအတွက် တိုက်ပွဲဝင်သွားရဖို့ရှိနေပါတယ်။
ယူနိုက်တက်အနေနဲ့ မာတီနက်ဇ်ကို အပြင်းအထန်ချိတ်ဆက်နေပေမယ့် ရာသီကြိုကာလအတွင်း မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ အရန်ဂိုးသမား အယ်လ်တေးဘယင်ဒါနဲ့ မကြာသေးမီက ၁ နှစ်သက်တမ်းတိုးခဲ့တဲ့ ဝါရင့်ဂိုးသမား တွန်မ်ဟီတန်တို့ကို အစားထိုးအသုံးပြုသွားဖွယ်ရှိပါတယ်။ ဒဏ်ရာပြဿနာနဲ့ကြုံတွေ့နေရတဲ့ အိုနာနာကတော့ လက်ရှိအချိန်မှာ ကြံ့ခိုင်မှုအမြန်ဆုံးပြန်လည်ရရှိဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။
၂၀၂၅-၂၆ ရာသီအဖွင့်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပြိုင်ဘက် အာဆင်နယ်နဲ့ စတင်ကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အိုနာနာတစ်ယောက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ဖို့မျှော်လင့်နေမှာဖြစ်ပါတယ်။