အီဖယ်မျှော်စင်ကြီးကို နောက်ခံထားရင်း ဇနီးသည်နဲ့ ရိုခဲ့တဲ့ မက်ဆီ
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီဟာ ဇနီးသည်နဲ့ ဆယ်ကျော်သက်အရွယ်မှာကတည်းက တွဲလာတာဖြစ်ပေမယ့် အခုချိန်အထိ အချစ်တွေက လတ်ဆတ်နေဆဲဖြစ်ပြီး အခုလည်း ပြင်သစ်နိုင်ငံရဲ့နာမည်ကျော် အီဖယ်မျှော်စင်ကြီးကို နောက်ခံထားရင်း ဇနီးသည်နဲ့ အကြင်နာပေးခဲ့သလို ပဲရစ်မှာ ရိုမန်တစ်ဆန်တဲ့ညနေခင်းလေးတစ်ခု ဖန်တီးခဲ့ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အောက်ခံစွယ်တာအပေါ်မှာ လောင်းကုတ်အရှည်ကြီးဝတ်ရင်း စမတ်ကျနေခဲ့တာဖြစ်ပြီး ဇနီးသည် အန်တိုနယ်လာကလည်း အလန်းလွန်၊ အလွန်လန်းနေပါတယ်။ သူတို့နှစ်ယောက်ဟာ ဇိမ်ခံဟိုတယ်ကြီးဖြစ်တဲ့ ရှန်ဂရီလာဟိုတယ်မှာ အနားယူအပန်းဖြေခဲ့တာဖြစ်ပြီး အန်တိုနယ်လာကလည်း မက်ဆီနဲ့ လိုက်ဖက်ညီစွာ အနက်ရောင်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေပါတယ်။
အန်တိုနယ်လာက သူတို့နှစ်ယောက်ရဲ့ ဘယ်တော့မှကုန်ဆုံးမသွားမယ့် အချစ်တွေကို ကိုယ်စားပြုတဲ့ ချစ်စရာအတွေ့အကြုံလေးကို သူ့ရဲ့အင်စတာဂရမ်ကနေ ဗီဒီယိုဖိုင်လေးနဲ့ ပြန်လည်မျှဝေခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ရောက်လာပြီးနောက် သူတို့မိသားစုလည်း ပတ်ဝန်းကျင်အသစ်မှာ အသားကျဖို့ လေ့လာနေပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာပြီးနောက် နူးကမ့်မှာပဲ တောက်လျှောက်ကစားလာခဲ့ပေမယ့် နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ ပီအက်စ်ဂျီကို ကနဦး ၂နှစ်စာချုပ်နဲ့ ရောက်ရှိသွားခဲ့တာပါ။