The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပူးပေါင်းနိုင်ဖို့ အားလပ်ရက်တွေကို လျှော့ချခဲ့တဲ့ မာဒူကီ

ယခုနွေရာသီအတွင်း ချဲလ်ဆီးမှ အာဆင်နယ်သို့ စတင်ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား နိုနီမာဒူကီဟာ အသင်းဖော်သစ်တွေနဲ့ တွေ့ဆုံပြီး လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ဖို့ အားလပ်ရက်တွေကို လျှော့ချခဲ့တယ်လို့သိရပါတယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးမှာ ၂ ရာသီကြာနေထိုင်ခဲ့ပြီးနောက် ယခုအခါမှာတော့ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းနဲ့ ပြိုင်ဘက် အာဆင်နယ်သို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မာဒူကီဟာ အာရှသို့ထွက်ခွာလာခဲ့တဲ့ အာဆင်နယ်ရဲ့ရာသီကြိုခရီးစဉ်မှာ လိုက်ပါချင်ခဲ့ပေမယ့် နည်းပြအာတီတာကတော့ အားလပ်ရက်မှာ အနားယူဖို့သာစေခိုင်းခဲ့တာဖြစ်ပါတယ်။ 

 The Standard သတင်းဌာနရဲ့အဆိုအရ မာဒူကီဟာ ချဲလ်ဆီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ့်အစား အာဆင်နယ်ရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာသာ ပါဝင်ဖို့စိတ်အားထက်သန်ခဲ့တယ်လို့ သိပါတယ်။ ယခုအခါမှာတော့ အာဆင်နယ်ဟာ အင်္ဂလန်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး မာဒူကီနဲ့အတူ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေ ဆက်လက်လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။ 

မာဒူကီဟာ အာဆင်နယ်ထက် ၁ ပတ်ကြိုပြီး အမ်းမရိတ်စ်သို့ရောက်ရှိနေခဲ့ကာ သူ့ရဲ့ကိုယ်ပိုင်နည်းပြ ဆောလ်အီဆက်ခ်ဆန်ဟာ့စ်နဲ့ တစ်ကိုယ်တော်လေ့ကျင့်ရေးဆင်းနေခဲ့တာဖြစ်ပါတယ်။ ကစားသမားဟာ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချဲလ်ဆီးနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အာဆင်နယ်နဲ့ ချက်ချင်းပူးပေါင်းလိုခဲ့ပေမယ့် အာတီတာက အနားယူဖို့စေခိုင်းခဲ့ပါတယ်။ 

စပိန်သားနည်းပြက "မာဒူကီအနေနဲ့ ကျွန်တော်တို့နဲ့ ချက်ချင်းပူးပေါင်းလို့မရသေးပါဘူး။ သူအချိန်လိုအပ်ပါသေးတယ်။ ဒါကြောင့် အားလပ်ရက်မှာ အပန်းဖြေခရီးထွက်ရပါမယ်။ သူကတော့ ကျွန်တော်တို့နဲ့ တတ်နိုင်သလောက် အမြန်ဆုံးပူးပေါင်းချင်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

မာဒူကီဟာ ချဲလ်ဆီးအတွက် ဘယ်တောင်ပံရော၊ ညာတောင်ပံမှာပါ ကစားပေးခဲ့သူဖြစ်တာကြောင့် အာတီတာအနေနဲ့ အင်္ဂလန်သားကို အသင်းအတွက်သင့်တော်တဲ့ကစားသမားအဖြစ် ရှုမြင်ပြီး ပေါင် ၅၂ သန်းအထိအသုံးပြုခဲ့တာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက် အက်စတွန်ဗီလာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မာဒူကီတစ်ယောက် အာဆင်နယ်ကစားသမားဘဝပွဲဦးထွက်ကို စတင်ပါဝင်ကစားသွားဖွယ်ရှိပါတယ်။