ရာသီကုန်မှာ လီဗာပူးကနေ ထွက်ခွာနိုင်ချေရှိကြောင်း အရိပ်အမြွက်ပြောကြားလာပြန်တဲ့ ဆာလက်
လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလက်က ယမန်နေ့ညက မန်စီးတီးကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ မန်စီးတီးကို အန်ဖီးလ်မှာနောက်ဆုံးကစားရတဲ့ ပွဲစဉ်ဖြစ်နိုင်တယ်လို့ ဝန်ခံလာခဲ့ပြီး ရာသီကုန်မှာ အသင်းကနေ ထွက်ခွာနိုင်ချေရှိကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပြန်ပါတယ်။
ယခုပွဲစဉ်မှာ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာ ကိုဒီဂတ်ပိုက စတင်သွင်းယူပေးခဲ့ပြီး အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုတော့ ဒုတိယပိုင်းမှာ ပင်နယ်တီမှတစ်ဆင့် ဆာလက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် လီဗာပူးဟာ ဒုတိယနေရာက အာဆင်နယ်ကို ၉ မှတ်အထိဖြတ်တောက်ထားနိုင်ခဲ့သလို၊ လက်ရှိချန်ပီယံ မန်စီးတီးကိုလည်း ၁၁ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဆာလက်က သူ့အနေနဲ့ လီဗာပူးထံမှာ စာချုပ်သစ်အတွက် ကမ်းလှမ်းချက်ရရှိထားခြင်းမရှိကြောင်း အခိုင်အမာပြောကြားခဲ့ပြီး ရာသီကုန်မှာ အန်ဖီးလ်ကနေ ထွက်ခွာနိုင်ချေရှိတယ်လို့ ဆိုပါတယ်။ အီဂျစ်လက်ရွေးစင်ကစားသမားက “ရိုးရိုးသားသားပြောရမယ်ဆိုရင် ရာသီကုန်မှာ အသင်းကနေထွက်ဖို့ ကျွန်တော့်ခေါင်းထဲမှာ စဉ်းစားထားပါတယ်။
ဒီနေ့ပွဲက ကျွန်တော့်အတွက် မန်စီးတီးကို အန်ဖီးလ်မှာကစားတဲ့ နောက်ဆုံးပွဲဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အစွမ်းကုန်ကစားခဲ့ပါတယ်။ လောလောဆယ် ဒီမှာရှိနေတဲ့ အငွေ့အသက်က မယုံနိုင်စရာကောင်းလို့ ကျွန်တော် ဒီမှာနေရတဲ့ စက္ကန့်တိုင်းကို ပျော်ရွှင်နေပါတယ်။ ရာသီကုန်မှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်ပြီး နောက်မှ ဘာတွေဆက်ဖြစ်လာလဲ စောင့်ကြည့်ကြတာပေါ့” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်အထိတော့ ဆာလက်ရဲ့အနာဂတ်ဟာ သေချာမှုမရှိသေးတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘာတွေဖြစ်လာနိုင်မလဲ တစ်ချက်စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာ လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး စနေန့မှာတော့ မြို့ခံပြိုင်ဘက် အဲဗာတန်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။