The network connection is lost.

Banner Image

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အဓိကထားစောင့်ကြည့်သွားရမယ့် ကစားသမား ၅ ဦး

ဂျုဒ်ဘယ်လင်ဟမ် (အင်္ဂလန်)
စပိန်လာလီဂါထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာပြီးနောက် ပထမဆုံးရာသီမှာပဲ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်တဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ဒီပြိုင်ပွဲမှာ စောင့်ကြည့်ချင်စရာအကောင်းဆုံး ကစားသမားဖြစ်နေပြီး ဂါရတ်ဆောက်ဂိတ်ရဲ့ အသင်းအတွက် ၅၈ နှစ်ကြာ ဖလားမိုးခေါင်မှုကို အဆုံးသတ်ပေးနိုင်ဖို့ အဓိက အားထားလို့ရတဲ့ ခြေစွမ်းမျိုးပိုင်ဆိုင်ထားပါတယ်။

အသက်-၂၀ အရွယ်သာရှိသေးပေမယ့် ဘယ်လင်ဟမ်ဟာ ဟယ်ရီကိန်း၊ ဖိုဒန်နဲ့ ဆာကာတို့လို အင်္ဂလန်အသင်းရဲ့ တိုက်စစ်အတွက် အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ပါဝင်သွားနိုင်ဖို့ရှိနေပါတယ်။ ဘယ်လင်ဟမ်ဟာ ၂၀၂၀ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်မရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာတော့ နေရာပိုရလာခဲ့ပါတယ်။

အန်ဆယ်လော့တီရဲ့ရီးရဲလ်မက်ဒရစ်မှာ အဓိက ဂိုးသွင်းတာဝန်ကို ထမ်းဆောင်ထားပြီး ပြိုင်ပွဲစုံ ၂၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်ဟာ အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာကို ၂ ကျော့စလုံးအနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ် ၂ ပွဲစလုံးမှာလည်း အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် တကယ်လို့ အင်္ဂလန်သာ ယူရို ၂၀၂၄ မှာဗိုလ်စွဲခဲ့မယ်ဆိုရင်တော့ ဘယ်လင်ဟမ်အနေနဲ့ ၂၀၂၄ ခုနှစ်ရဲ့ ဘောလွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းမှာ ထိပ်ဆုံးကနေပါဝင်လာဖို့ သေချာနေပါတယ်။

ကီလီယမ်အမ်ဘာပေ(ပြင်သစ်)
ဘောလုံးလောကမှာ အမ်ဘာပေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေအမျိုးမျိုး ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကစားသမားဟာ ချန်ပီယံလိဂ်မရဖူးတဲ့ ပီအက်စ်ဂျီကနေထွက်ခွာပြီး ချန်ပီယံလိဂ်ဘုရင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။

အသက်-၂၅ နှစ်အရွယ်ကစားသမားအနေနဲ့ သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးအချိန်တွေကို ချန်ပီယံလိဂ်ရနိုး ရနိုးဆိုတဲ့ မျှော်လင့်ချက်နဲ့ ပီအက်စ်ဂျီမှာ ဖြုန်းတီးခဲ့တယ်လို့ ဝေဖန်ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် အမ်ဘာပေဟာ ကလပ်ကစားသမားဘဝမှာ အောင်မြင်မှုကြီးကြီးမားမားမရခဲ့သော်လည်း နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝမှာတော့ အချို့ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ မရဖူးတဲ့ ဆုဖလားတွေနဲ့ တစ်ဦးချင်းမှတ်တမ်းတွေကို ရရှိပိုင်ဆိုင်ထားပါတယ်။

၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းအတွက် ဂိုးသွင်းယူပြီး ဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့အမ်ဘာပေဟာ ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း အာဂျင်တီးနားဘက်ကို ဟက်ထရစ်သွင်းပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဟက်ထရစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 ကမ္ဘာ့ဖလားမှာ ဒီလောက်အထိဂိုးသွင်းကြမ်းပေမယ့် အမ်ဘာပေဟာ ယူရိုပြိုင်ပွဲမှာတော့ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ရလေ့ရှိပြီး လွန်ခဲ့တဲ့ ၃ နှစ်က ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ အရေးပါတဲ့ပင်နယ်တီကို လွဲချော်ခဲ့သလို ပြိုင်ပွဲတစ်လျှောက် တစ်ကြိမ်မှ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ဖလော်ရီယန်ဝက်ဇ် (ဂျာမနီ)
လေဗာကူဆင်နဲ့အတူ ဘွန်ဒက်စ်လီဂါဖလားကို ရှုံးပွဲမရှိမှတ်တမ်းနဲ့ ဆွတ်ခူးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားလေး ဖလော်ရီယန်ဝက်ဇ်ကလည်း မိခင်ဂျာမနီအသင်းအတွက် ဘယ်လောက်အထိ စွမ်းဆောင်ပေးသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမယ့် မျိုးဆက်သစ်ကြယ်ပွင့်လေးဖြစ်ပါတယ်။

ဂျာမနီအနေနဲ့လည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၂ ခုစလုံးမှာ အုပ်စုကနေ လှည့်ပြန်ခဲ့ရသလို ယူရို ၂၀၂၀ မှာ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတယ်ဆိုတဲ့ အစဉ်အလာဆိုးတွေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ ဖလော်ရီယန်ဝက်ဇ်လို လူငယ်ကြယ်ပွင့်တွေကို အားကိုးသွားရမှာဖြစ်ပါတယ်။

အသက်-၂၁ နှစ်အရွယ်သာ ရှိသေးပေမယ့် ဝက်ဇ်ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးထားနိုင်ပြီး ဂျူလီယန်နာဂယ်စ်မန်းရဲ့လက်အောက်မှာ ဂျာမနီအသင်းကို တတိယအကြိမ်မြောက် ယူရိုဖလားကို ဆွတ်ခူးပေးသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဂိုးသွင်းစွမ်းရည်ရော ဂိုးဖန်တီးမှုစွမ်းရည်ပါမြင့်မားတဲ့ ဝက်ဇ်ဟာ ဒီရာသီမှာ လေဗာကူဆင်အတွက် ၁၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိပြုလုပ်ထားနိုင်တဲ့အပြင် ဇာဘီအလွန်ဆိုရဲ့အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့နိုင်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒို (ပေါ်တူဂီ)
အသက်-၃၉ နှစ်ဆိုတဲ့ ကိန်းဂဏန်းကိုမေ့ဖျောက်ကာ ဇရာကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကစားသမားဘဝ ၆ ကြိမ်မြောက် ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအတွက် ပါဝင်ကစားသွားမယ့် ရော်နယ်ဒိုအနေနဲ့ ဒီပြိုင်ပွဲဟာ သူ့ရဲ့နိုင်ငံတကာ ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာဖို့ရှိနေတာကြောင့် နောက်ဆုံးပိတ်အိတ်နဲ့လွယ်သွားနိုင်မလား စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။

ယူရိုသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၁၄ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာမှာလည်း ဂိုးသွင်းစံချိန်တွေကို တစ်ခုပြီးတစ်ခု ချိုးဖျက်နေဆဲဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ ဒီရာသီဆော်ဒီပရိုလိဂ်မှာ ၃၅ ဂိုးအထိသွ င်းယူနိုင်ခဲ့တာကြောင့် လိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

ရော်ဘတ်တိုမာတီနက်ဇ်ဦးဆောင်တဲ့ ပေါ်တူဂီအသင်းကလည်း ခြေစစ်ပွဲအဆင့်မှာ ၁၀ ပွဲစလုံးကို အနိုင်ယူပြီး တိုက်စစ်အစွမ်းပြထားနိုင်တာကြောင့် လာမယ့် ယူရိုပြိုင်ပွဲမှာလည်း တိုက်စစ်ပိုင်းကို အဓိကအသားပေး ပုံဖော်သွားဖို့ အလားအလာရှိနေပါတယ်။ ဒါပေမယ့် မာတီနက်ဇ်အနေနဲ့ ဒီပြိုင်ပွဲမှာ ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒိုကို အသုံးပြုသွားမလား၊ ဒီယေဂိုဂျိုတာတို့ ဂန်ကာလိုရာမို့စ်တို့လို လူငယ်ကြယ်ပွင့်တွေကို အသုံးပြုသွားမလား စောင့်ကြည့်သွားရပါမယ်။

ရိုဒရီ (စပိန်)
ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ရိုဒရီအနေနဲ့ ကစားသမားဘဝ ၂၀၂၃ မတ်လနောက်ပိုင်း ပထမဆုံးရှုံးပွဲဖြစ်ခဲ့ပြီး ရိုဒရီပါဝင်တဲ့ မန်စီးတီးအသင်းနဲ့ စပိန်အသင်းတို့ဟာ အချိန်ကာလ ၁ နှစ်ကျော်အထိ မရှုံးအောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခင်က ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရတဲ့ အသက်-၂၇ နှစ်အရွယ်စပိန်သားဟာ အခုချိန်မှာတော့ ကျောက်ဆောင်ကြီးလို တည်ငြိမ်မာကျောတဲ့ခြေစွမ်းကြောင့် စံပြကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်ခံနေရပြီဖြစ်ပါတယ်။

ရိုဒရီဘယ်လောက်အထိ ခြေစွမ်းထက်မြက်ကြောင်းကို မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက “သူက တကယ်ကို မယုံနိုင်စရာကစားသမားပါ။ လက်ရှိ ကမ္ဘာ့ဘောလုံးလောကထဲမှာ အကောင်းဆုံးကွင်းလယ်လူလို့ပြောလို့ရပါတယ်။ အသင်းရဲ့ဝန်ထမ်းတွေရော ကစားသမားတွေကပါ သူကအသင်းအတွက် ဘယ်လောက်အထိအရေးပါကြောင်းနဲ့ ဘယ်လောက်အထိ ပြတ်သားတတ်တယ်ဆိုတာကို သိနေကြပါတယ်”လို့ချီးကျူးခဲ့ပါတယ်။

ယူရိုဖလားကို ၃ ကြိမ်ဆွတ်ခူးထားတဲ့ စပိန်အသင်းဟာ အုပ်စုအဆင့်မှာ လက်ရှိချန်ပီယံ အီတလီ၊ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို တက်လှမ်းထားတဲ့ ခရိုအေးရှားတို့နဲ့ အုပ်စုတစ်ခုတည်းမှာကျရောက်နေတာကြောင့် ရိုဒရီလို ဝါရင့်ကွင်းလယ်လူတွေရဲ့ အကူအညီကို မရှိမဖြစ်လိုအပ်နေမှာဖြစ်ပါတယ်။