The network connection is lost.

Banner Image

ရလဒ်ဆိုးတွေကို ပြင်ဆင်နိုင်ခြင်းမရှိပါက မန်စီးတီးကနေထွက်ခွာသွားမယ်လို့ ပြောကြားလာတဲ့ ဂွါဒီယိုလာ

 မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့အနေနဲ့ လက်ရှိအသင်းရဲ့ဆိုးဝါးတဲ့အခြေအနေတွကို ပြုပြင်ပြောင်းလဲနိုင်ခြင်းမရှိပါက တစ်လအတွင်းမှာပဲ နည်းပြရာထူးကနေနုတ်ထွက်သွားမယ်လို့ သတိပေးပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ကြားရက်ကချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်ကို ၂-၀ နဲ့အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာရနိုင်ချေမြင့်တက်ခဲ့တဲ့ မန်စီးတီးဟာ တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် ယူနိုက်တက်ကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ရလဒ်မျိုး ဖန်တီးနိုင်ဖို့ လိုအပ်နေပါတယ်။ 

ဂွါဒီယိုလာအနေနဲ့ နည်းပြသက်တမ်းတစ်လျှောက် အခုအခြေအနေလောက်ထိ တစ်ခါမှ ဆိုးဆိုးဝါးဝါးကြုံတွေ့ထားခဲ့ရခြင်းမရှိပေမယ့် ယခုအခါမှာတော့ မန်စီးတီးဟာ နော်တင်ဟမ်ဖောရက်စ်နောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာသာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။ 

မကြာသေးမီကမှ မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့တဲ့ ဂွါဒီယိုလာဟာ ယခုအခါမှာတော့ “တကယ်လို့ ထွက်ခွာဖို့အချိန်ကျပြီလို့ ခံစားရရင် အသင်းကနေ ထွက်ခွာသွားမှာပါ။ ရှုံးပြီးရင်းရှုံးပြီး လနဲ့ချီရှုံးနေရင်တော့ အသင်ကနေထွက်ခွာသွားမယ့်ကြောင်း ကစားသမားတွေကို ပြောသွားပါမယ်။ ပြီးတော့ အခုလို ရလဒ်ဆိုးတွေကြုံတွေ့နေရတာက ကစားသမားတွေ ကျွန်တော့်စကားကို နားမထောင်ကြလို့၊ ကျွန်တော့်လမ်းစဉ်ကိုမလိုက်ကြလို့ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောမိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အမြင့်မားဆုံးသော အောင်မြင်မှုတွေ ရရှိထားခဲ့ပြီးပါပြီ။ အကောင်းဆုံးအသင်းအဖြစ်လည်း ရပ်တည်ထားနိုင်ခဲ့ပြီးပါပြီ”

“လက်ရှိအချိန်မှာတော့ ဒီလိုတွေလုပ်နိုင်ခဲ့ဖို့ ဘယ်လောက်အထိခက်ခဲလဲဆိုတာနဲ့ ပြန်လာနိုင်ဖို့ ဘယ်လောက်အထိခက်ခဲတယ်ဆိုတာကို နှိုင်းယှဉ်ကြည့်သွားရတော့မှာပါ။ ဒီလိုအောင်မြင်မှုတွေကို ဘယ်တော့မှမမေ့ပါဘူး။ ကျွန်တော်တို့ အောင်မြင်မှုတွေထပ်လိုချင်သေးပေမယ့် လောလောဆယ်မှာတော့ မလုပ်နိုင်တော့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 
မကြာသေးမီကာလတွေမှာ မန်စီးတီးဟာ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဂွါဒီယိုလာအနေနဲ့လည်း မန်နေဂျာသက်တမ်းတစ်လျှောက် အဆိုးဝါးဆုံးမှတ်တမ်းတွေနဲ့ ကြုံတွေ့ထားခဲ့ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ မန်စီးတီးဟာ နော်တင်ဟမ်ဖောရက်စ်တစ်သင်းတည်းကိုသာ ၃-၀ နဲ့အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ဖလားကို စံချိန်တင် ၄ ကြိမ်ဆက်တိုက်ရရှိထားခဲ့တဲ့ မန်စီးတီးဟာ ယခုအခါမှာတော့ ၅ ကြိမ်ဆက်တိုက်ရရှိဖို့ အတော်လေးရုန်းကန်သွားရတော့မှာဖြစ်ပြီး လာမယ့်ဒါဘီပွဲစဉ်မှာ ယူနိုက်တက်ကို အနိုင်ကစားသွားဖို့ လိုအပ်နေပါတယ်။