ကျောနံပါတ်က အသင်းဖော် ဟွိုက်လန်းအပေါ်မူတည်နေတယ်လို့ ဇီကာဇီ ထုတ်ဖော်ပြောကြား
ယူနိုက်တက်တိုက်စစ်မှူးသစ် ဇီကာဇီက ယူနိုက်တက်မှာ ကျောနံပတ် ၉ ဒါမှဟုတ် ၁၁ ကို ဝတ်ဆင်မှာဖြစ်ပြီး အဆိုပါနံပါတ်ဆုံးဖြတ်ချက်ဟာ အသင်းဖော် ဟွိုက်လန်းအပေါ်မှာ မူတည်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၂၃ နှစ်သားဟာ ဘိုလော့ဂ်နာအသင်းထံကနေ ပေါင် ၃၆ သန်းနဲ့ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်ရဲ့ပထမဆုံးနွေရာသီ ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ ဒ့ါအပြင် နောက်ခံလူ ယိုရိုကလည်း ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာတော့မှာဖြစ်ပြီး မကြာခင်မှာ ဆေးစစ်မှုခံယူမှာဖြစ်ပါတယ်။
နယ်သာလန်သားဟာ လာမယ့်ရာသီယူနိုက်တက်တိုက်စစ်အတွက် အရေးပါတဲ့ ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက အင်တာဗျူးမှာလည်း နယ်သာလန်သားက သူအားကျရတဲ့တိုက်စစ်မှူးဟာ ရော်နယ်ဒင်ဟို နဲ့ မိုဗစ်တို့ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
မာရှယ်ထွက်ခွာမှုနဲ့အတူ ကျောနံပါတ် ၉ က လစ်လပ်ဖွယ်ရှိနေပေမယ့် အသင်းဖော် ဟွိုက်လန်းကြောင့် ကျောနံပါတ် ရဖို့က မသေချာသေးတာဖြစ်ပါတယ်။ ဒိန်းမတ်သားဟာ ဇီကာဇီလိုပဲ စီးရီးအေကနေ ယူနိုက်တက်ထံပြောင်းလာခဲ့တာဖြစ်ပြီး ပွဲဦးထွက်ရာသီကထက် ဂိုးတွေပိုရယူချင်နေပါတယ်။ တကယ်လို့ ဟွိုက်လန်းအနေနဲ့ ကျောနံပတ် ၉ ကို ယူခဲ့မယ်ဆိုရင် ဇီကာဇီ၏တစ်ယောက် ကျောနံပတ် ၁၁ ကိုဝတ်ဆင်ရဖွယ်ရှိနေပါတယ်။
“ကျောနံပါတ်က ဟွိုက်လန်းအပေါ်မှာ မူတည်နေပါတယ်။ သူက ဒီမှာရှိနေပြီးသားဖြစ်သလို တိုက်စစ်မှူးလည်းဖြစ်ပါတယ်။ ကျောနံပါတ် ၉ က လွတ်နေပေမယ့် သူက ၁၁ အခုဝတ်ဆင်နေပါတယ်။ ဒါကြောင့် ကျွန်တော် ကျောနံပါတ် ၉ ကို ဝတ်ဆင်ရနိုင်ချေရှိပါတယ်။ ဒါမှမဟုတ် ၁၁ လည်းဖြစ်နိုင်ပါတယ်။ ဘိုလော့ဂ်နာမှာတုန်းက ၁၁ ဝတ်ဆင်တာပါ။ ဘာနံပါတ်ပဲဖြစ်ဖြစ် ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ကျွန်တော် ဝုလ်ဘတ်နဲ့စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အဖေလည်းပါပါတယ်။ ဘာလို့လဲဆိုတော့ သူက အရာအားလုံးပါပဲ။ ဆွေးနွေးမှုအပြီးမှာ ကျွန်တော် သေချာတဲ့ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။ ဥရောပရဲ့အကောင်းဆုံး အသင်းတစ်သင်းကိုလာခဲ့ရတာပါ။ ယူနိုက်တက်က ထိပ်တန်းအသင်းတစ်သင်းပါ။ ဒါကြောင့် ဒီမှာရှိနေစဉ်အတွင်း အာရုံစိုက်ကစားသွားမှာပါ”လို့ ဇီကာဇီက ဖြေကြားခဲ့ပါတယ်။