The network connection is lost.

Banner Image

မက်ဆီနဲ့တွဲရိုက်ထားတဲ့ ငယ်ဘဝဓါတ်ပုံတွေကို ဘာကြောင့်ကွယ်ဝှက်ထားသလဲဆိုတာ ရှင်းပြလိုက်တဲ့ ယာမယ်လ်

ကစားသမားဘဝအပေါ် တစုံတရာထိခိုက်မှုမဖြစ်စေရန်အတွက် မက်ဆီနဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ ငယ်ဘဝဓါတ်ပုံတွေကို ကွယ်ဝှက်ထားခဲ့တာပါလို့ လမိုင်းယာမယ်လ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အခုသီတင်းပတ်အတွင်း ပျံ့နှံ့လာတဲ့ဓါတ်ပုံတွေမှာ အသက်-၂၀ အရွယ်သာရှိသေးတဲ့မက်ဆီက မွေးကင်းစအရွယ်ယာမယ်လ်ကို ရေချိုးပေးနေတဲ့မြင်ကွင်းတွေ ပါဝင်နေပါတယ်။ ဒီဓါတ်ပုံတွေက ယူနီဆက်ဖ်နဲ့အတူ Diario Sport တို့က ပူးပေါင်းစီစဉ်တဲ့ ပရဟိတပြက္ခဒိန်အတွက် အသုံးပြုဖို့ ရည်ရွယ်ထားခဲ့ပါတယ်။

အခုလိုဓါတ်ပုံတွေထွက်ပေါ်လာချိန်မှာပဲ ယူရို-၂၀၂၄ ပြိုင်ပွဲကာလအတွင်း အထူးခြေစွမ်းပြနေတဲ့ အသက်- ၁၆ နှစ်အရွယ်ကစားသမားနဲ့ ဘော်လွန်းဒီအော် ၈ ကြိမ်ဆုရှင်တို့ကို ခိုင်းနှိုင်းမှုတွေ အလျှင်အမြန်ပဲ ပေါ်ပေါက်လာခဲ့ပါတယ်။

ယာမယ်လ်ရဲ့ဖခင်ဖြစ်သူကလည်း Instagram လူမှုကွန်ရက်မှာ အခုဓါတ်ပုံကို “ဂန္တဝင်ပုဂ္ဂိုလ်နှစ်ဦးရဲ့စတင်မှု”လို့ ရေးသားကာ မျှဝေခဲ့ပါတယ်။

အခုလိုအထင်ကရဓါတ်ပုံတွေနဲ့ပတ်သက်လို့ ဆယ်ကျော်သက်အရွယ်လူငယ်ကြယ်ပွင့်လေးက “ဒီဓါတ်ပုံ ရိုက်ကူးချိန်မှာ ကျွန်တော်က ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ သတိမထားတတ်သေးဘူးဆိုတာ သိသာပါတယ်။

အဖေက ဒီဓါတ်ပုံတွေကို သိမ်းဆည်းထားခဲ့ပြီး ဘယ်တုန်းကမှ ထုတ်ပြန်ခဲ့တာမျိုး မရှိပါဘူး။ အခြေခံအားဖြင့် ကျွန်တော်တို့က မက်ဆီနဲ့နှိုင်းယှဉ်ခံရတာ မလိုလားလို့ပါ။

ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားနဲ့နှိုင်းယှဉ်ခံရလို့ ဘယ်သူကမှ စိတ်ပျက်မိကြမှာ မဟုတ်ဘူး။ ဒါပေမယ့် မက်ဆီလိုမျိုး မဖြစ်လာနိုင်တာကြောင့် ဒါတွေက ကိုယ့်ကိုဆန့်ကျင်တဲ့ကိစ္စမျိုးတွေ ပေါ်ပေါက်လာနိုင်ပါတယ်”လို့ ရှင်းပြပါတယ်။

ယာမယ်လ်ရဲဖခင်ဖြစ်သူကတော့ မက်ဆီရဲ့အခုလိုဂန္တဝင်မြောက်ကစားသမားဘဝပိုင်ဆိုင်ရမှုဟာ စပိန်ကြယ်ပွင့်နဲ့တွေ့ဆုံခဲ့ရမှုရဲ့ရလဒ်ဖြစ်တယ်လို့ အရွှမ်းဖောက်ဟာသလုပ်ပြောဆိုခဲ့ပါတယ်။

သူက “မက်ဆီကို ကောင်းချီးပေးနေတဲ့ ယာမယ်လ်ပါ။ ဓါတ်ပုံကတော့ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော့်အတွက်တော့ ယာမယ်လ်က ဘောလုံးအတွက်သာမက အခြားအရာတွေမှာပါ အကောင်းဆုံးဖြစ်ပါတယ်။ သူက ကလေးတစ်ယောက်ဖြစ်သလို ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ဒါက အလွန်အရေးကြီးသလို တန်ဖိုးထားသွားရပါမယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ယာမယ်လ်က စပိန်အသင်းနဲ့အတူ အင်္ဂလန်ကိုကျော်ဖြတ်နိုင်မယ်ဆိုရင် ယူရို-၂၀၂၄ ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ဖို့ရှိသလို မက်ဆီကလည်း လာမယ့်တနင်္လာနေ့အစောပိုင်းမှာ ကိုလံဘီယာကို အနိုင်ရရှိမယ်ဆိုရင် နောက်ထပ်ကိုပါအမေရိကချန်ပီယံဆုကို အာဂျင်တီးနားအသင်းနဲ့အတူ ဆွတ်ခူးနိုင်ပါလိမ့်မယ်။