ဒီရာသီအတွက် စိန်ခေါ်မှုတစ်ရပ်ပြုလုပ်လိုက်တဲ့ အာဆင်နယ်စတား
အာဆင်နယ်နောက်ခံလူ ဆာလီဘာက အသင်းအနေနဲ့ လက်ကျန်ရာသီကို တစ်ပွဲမှမရှုံးနိမ့်ပဲဖြတ်သန်းနိုင်မယ်လို့ စိန်ခေါ်လိုက်ပါတယ်။ ဆာလီဘာဟာ ပြီးခဲ့တဲ့မိုနာကိုအသင်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပြီး အမ်းမရိတ်မှာ အာဆင်နယ်ရဲ့ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ အိမ်ကွင်းပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၉ ပွဲအထိ အနိုင်ရရှိထားပြီး ဘရိုက်တန် နဲ့ လီဗာပူးတို့ကို သရေကျထားပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ဧပြီလလယ်တုန်းက ဗီလာကို ၂-၀ နဲ့အရေးနိမ့်ပြီးကတည်းက ရှုံးပွဲမရှိသေးတာဖြစ်ပြီး နောက်ဆုံး ၂၂ ပွဲမှာ ၁ ပွဲသာ အရေးနိမ့်ထားခဲ့ပါတယ်။
မိုနာကိုအသင်းကိုအနိုင်ရပြီးနောက် ဆာလီဘာက “ကျွန်တော်တို့ ရာသီစချိန်မှာဆိုရင် ဆုဖလားတွေရယူချင်ပါတယ်။ ပြီးတော့ မှန်ပါတယ်။ ကျွန်တော်တို့ ဒီရာသီအိမ်ကွင်းမှာ ရှုံးပွဲမရှိသေးပါဘူး။ ကျွန်တော်တို့ အဲ့တာမျိုး ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အခုအခြေအနေကို ဆက်ထိန်းထားနိုင်ရင် ရာသီအကုန်အထိ ရှုံးပွဲမရှိတာမျိုးဖြစ်နိုင်ချေရှိတယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ မိုနာကိုအသင်းကိုအနိုင်ရခဲ့တာကြောင့် အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ၁၆ သင်းအဆင့်ကို လွတ်လွတ်ကျွတ်ကျွတ်တက်ရောက်နိုင်ဖို့များနေပါတယ်။ အာတီတာကတော့ ဆာလီဘာရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီး “အဲ့တာက လက်ကျန်ရလဒ်တွေအပေါ်မှာ မူတည်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့အခြေအနေမှာရှိနေပါတယ်။ အကောင်းဆုံးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အများကြီးလုပ်ဆောင်ဖို့ ကျန်နေပါသေးတယ်။
ပထမပိုင်းမှာ ၃ ဂိုး ဒါမှမဟုတ် ၄ ဂိုးအထိ မသွင်းနိုင်လို့ ကျွန်တော်စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကြီးမားတဲ့အခွင့်အရေးတွေရခဲ့တာကြောင့်ပါ။ အဲ့တာက အရေးပါပါတယ်။ ပြီးတော့ အမှတ်ပေးဇယားကိုကြည့်လိုက်ပါ။ ဘယ်လောက်ပြင်းထန်လဲဆိုတာ မြင်နိုင်ပါတယ်။ ဂိုးကွာခြားချက်က အရေးကြီးပါတယ်။ ကျွန်တော်တို့ အခြေအနေကောင်းမှာရှိနေပေမယ့် အလုပ်တွေလုပ်ရပါဦးမယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
ဆာလီဘာက လက်ကျန်ရာသီကို ရှုံးပွဲမရှိဆက်လက်ဖြတ်သန်းနိုင်ဖို့ ပစ်မှတ်ထားနေပြီး လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ အဲဗာတန်နဲ့ရင်ဆိုင်ရမှာဖြစ်ကာ လာမယ့်ဇန်နဝါရီမကုန်ခင်အထိ ချန်ပီယံလိဂ်ထပ်ကန်ရဦးမှာမဟုတ်တာဖြစ်ပါတယ်။