ဒိန်းမတ်ဟာလန်းလို့ နာမည်တပ်ခံထားရတဲ့ ဟွိုက်လန်းကို ယူနိုက်တက်က ဘာကြောင့် ငွေပုံပေးခေါ်ခဲ့တာလဲ?
ယူနိုက်တက် အသင်းဟာ ယခုနှစ်နွေရာသီ နည်းပြတန်ဟတ်ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ရက်စ်မက်စ်ဟွိုက်လန်းကို ယူရို ၈၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက်၂၀အရွယ် လူငယ်လေးဟာ ယမန်နှစ်ရာသီက အတ္တလန္တာအသင်းမှာ ၉ဂိုး သွင်းယူကာ ခြေစွမ်းပြ ကစားခဲ့ပါတယ်။
ကနဦးမှာ ယူနိုက်တက်က ဟွိုက်လန်းအတွက် စျေးလျော့ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပီအက်စ်ဂျီကလည်း ခေါ်ယူဖို့ ကြိုးစားလာတာကြောင့် ယူရို၈၅သန်းအထိ ပေးချေကာ လူငယ်လေးကို ခေါ်ယူခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ယူနိုက်တက်က ခြေစွမ်းအရ သက်သေပြထားတာမျိုး သိပ်မရှိသေးတဲ့ လူငယ်လေး ဟွိုက်လန်းကို ဘာလို့ခေါ်ယူခဲ့လဲဆိုတာ သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
ဒိန်းမတ်ဟာလန်းလို့ အမည်တပ်ခံရခြင်း
--------------------
ဟွိုက်လန်းရဲ့ကစားပုံကို ဒိန်းမတ်ဟာလန်းဆိုပြီး ပရိသတ်တွေက နာမည်တပ်ခဲ့ကြပါတယ်။ မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ လျင်မြန်မှု၊ ပါဝါနဲ့ ကြံ့ခိုင်မှုပိုင်း အတော်လေးအားကောင်းတာကြောင့် ပြိုင်ဘက်ခံစစ်မှူးတွေက ရပ်တန့်ဖို့မလွယ်ခဲ့ဘဲ ယမန်နှစ်ရာသီက စံချိန်တင်သွင်းဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟွိုက်လန်းဟာလည်း ဟာလန်းနည်းတူ အရပ်ရှည်သလို ခံစစ်မှူးတွေကို ကျော်ဖြတ်နိုင်ဖို့အတွက်လည်း လျင်မြန်မှုနဲ့ ပါဝါအားကို ပိုင်ဆိုင်ထားပါတယ်။ အတ္တလန္တာနည်းပြ ဂတ်စ်ပါရီနီကတောင် ဟွိုက်လန်းနဲ့ ဟာလန်းကို တိုက်ရိုက်နှိုင်းယှဉ်ကာ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဟွိုက်လန်းဟာ ဘယ်ခြေအားသန်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ဟာလန်းလိုပဲ ရွှေအိုရောင်ဆံပင်ကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါတယ်။
အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူး
----------------------------
ဟွိုက်လန်းနဲ့ ဟာလန်းတို့ရဲ့ ကစားပုံတူညီမှုက မပြီးဆုံးသေးပါဘူး။ ယမန်နှစ်ရာသီ စီးရီးအေပွဲတွေကို ကြည့်လိုက်ရင် ဟွိုက်လန်းရဲ့ အဓိက ကန်ချက်တွေက ပင်နယ်တီဧရိယာထဲပဲ ဖြစ်ပါတယ်။
ဟယ်ရီကိန်းအပါအဝင် တိုက်စစ်မှူးအများစုဟာ နောက်ကိုဆင်းပြီး ဘောလုံးယူကာ အသင်းနဲ့ တွဲဖက်တာမျိုး လုပ်လေ့ရှိကြပေမယ့် ဟွိုက်လန်းကတော့ ဂိုးရှေ့မှာ အကောင်းဆုံးနေရာယူပြီး ပိတ်သွင်းရတာမျိုးကို ပိုသဘောကျပါတယ်။ ယမန်နှစ်က ဟွိုက်လန်းရဲ့ကန်ချက်တွေကို ကြည့်မယ်ဆိုရင် ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ကန်သွင်းချက်က သုံးကြိမ်သာရှိခဲ့ပါတယ်။
လျင်မြန်လှပြီး နွားတစ်ကောင်လို ခွန်အားမျိုးကို ပိုင်ဆိုင်ထားခြင်း
--------------------------------------
ဟွိုက်လန်းရဲ့ကြံ့ခိုင်မှုအနေအထားက ပြိုင်ဘက်တွေ အတွက် နာကျင်စရာပါပဲလို့ အတ္တလန္တာအသင်းဖော်နှစ်ဦးက ဖွင့်ဟထားပါတယ်။ အသင်းခေါင်းဆောင် တိုလိုအီက “ဟွိုက်လန်းဟာ အရည်အချင်းကောင်းတွေပိုင်ဆိုင်ထားပြီး ကြံ့ခိုင်မှုအားကောင်းသလို လျင်မြန်လှပါတယ်။ သူက အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာဖို့ အရာအားလုံး ပိုင်ဆိုင်ထားပြီး မှန်ကန်တဲ့ နည်းပြနဲ့ အသင်းထံမှာ ရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။
ကွင်းလယ်လူ ဒီရွန်ကလည်း “သူ ဒီလောက်ထိ သန်မာလိမ့်မယ်လို့ ကျွန်တော် မမျှော်မှန်းထားပါဘူး။ သူ ဒီကို ရောက်လာတော့ သူ့ရဲ့အရည်အသွေးတွေက သတိပြုမိနိုင်စရာဖြစ်ပေမယ့် သူ့ရဲ့ ဘောလုံးထိန်းသိမ်းပုံနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာက တော်တော်အားနည်းပါတယ် သူက တော်တော်လေး လျင်မြန်သလို မိနစ်၉၀လုံး ပြေးလွှားနိုင်တဲ့ သက်လုံပိုင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်”ဆိုပြီး ချီးကျူးခဲ့ပါတယ်။
ဥရောပရဲ့ အလားအလာအကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ
----------------------------------------------------
ဟွိုက်လန်းဟာ နိုင်ငံလက်ရွေးစင် အသင်းအတွက်လည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ဟွိုက်လန်းဟာ ယူရို၂၀၂၄ခြေစစ်ပွဲအဖြစ် နှစ်ပွဲကစားရာမှာ ဖင်လန်နဲ့ပွဲက ဟက်ထရစ် အပါအဝင် ဒိန်းမတ်အတွက် ငါးဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းတွေကြောင့် ဒိန်းမတ်ကြယ်ပွင့်လေးဟာ ဥရောပရဲ့ အလားအလာအရှိဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဟွိုက်လန်းဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်လာဖို့အတွက် အသင်းလိုက်ကစားပုံနဲ့ Pressingလုပ်တဲ့ ကဏ္ဍတွေမှာသာ တိုးတက်ရန်ကျန်ရှိပါတော့တယ်။ အလားတူ လိဂ်ပွဲ ၆၉ ပွဲ ကစားရာမှာ ၁၈ဂိုးသာ သွင်းနိုင်ခဲ့တဲ့ ဂိုးသွင်းနှုန်းကလည်း တိုးတက်ဖို့ လိုနေပါသေးတယ်။ အလားတူ အသင်းဖော်တွေကို ဂိုးဖန်တီးမှုအပိုင်းမှာလည်း အများကြီး တိုးတက်ဖို့ လိုနေသေးကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာ ဖန်တီးမှုအားကောင်းတဲ့ ဘရူနိုဖာနန်ဒက်စ်၊ မေဆင်မောင့်တို့လို ကစားသမားတွေ ရှိနေတာကြောင့် ဟွိုက်လန်းရဲ့ ဂိုးသွင်းနှုန်းက တိုးတက်လာမယ်လို့ ယူဆရပါတယ်။
တန်ဟတ်ရဲ့ကစားကွက်မှာ အံဝင်ခြင်း
----------------------------------------------
ယူနိုက်တက်အသင်းဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး လိုအပ်နေတယ်ဆိုတာ ပရိသတ်တွေအားလုံးအသိပဲ ဖြစ်ပါတယ်။ ယမန်နှစ်ရာသီကဆိုရင် ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၀ဂိုး အထက် သွင်းနိုင်တဲ့ ကစားသမားဆိုလို့ ရက်ရှ်ဖို့ဒ်နဲ့ ဖာနန်ဒက်စ် နှစ်ဦးသာရှိခဲ့ပါတယ်။ ရာသီဝက်အငှားလာကစားတဲ့ ဝက်ဂ်ဟော့စ်ဟာလည်း ဂိုးရှေ့မှာ မယုံကြည်ရသလို မာရှယ်ကလည်း ခြေစွမ်းကောင်းပေမယ့် ဒဏ်ရာမကြာခဏရတတ်တာက ယူနိုက်တက်အတွက် ပြဿနာတစ်ရပ်ဖြစ်နေခဲ့ပါတယ်။
အေဂျက်စ်မှာ ဟော်လာနဲ့လက်တွဲခဲ့ဖူးတဲ့ တန်ဟတ်ရဲ့ ကစားကွက်မှာ အရပ်အမောင်းကောင်းတဲ့ တိုက်စစ်မှူး လိုအပ်လေ့ရှိပါတယ်။ ဒါကြောင့် လူငယ်ဖြစ်သလို ဟာလန်းလို အရပ်အမောင်းကောင်းတဲ့ ဟွိုက်လန်းအနေနဲ့ ယူနိုက်တက်ရဲ့ အိပ်မက်က ဇာတ်ရုံမှာ ဘယ်လိုအသုံးတော်ခံမယ်ဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။