
ရီးရဲလ်ဘက်တစ် နားချိန်ပိုရသွားမယ့်အပေါ် မကျေမနပ်ဖြစ်နေတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာဟာ ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံသွားမယ့် ရီးရဲလ်ဘက်တစ်အသင်းက သူ့အသင်းထက် နားချိန် ၂ ရက်ပိုရသွားမယ့်အပေါ် မကျေမနပ်ဖြစ်နေပြီး ပွဲစီစဉ်သူတွေကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
ဆီမီးဖိုင်နယ်အဆင့်မှာ ဆွီဒင်ကလပ် ဒီဂျာဂါးဒန်းကို ၂ ကျော့ပေါင်းရလဒ် ၅-၁ နဲ့ကျော်ဖြတ်လာခဲ့တဲ့ ချဲလ်ဆီးဟာ လာမယ့်အပတ်ဗုဒ္ဓဟူးနေ့မှာ ဗိုလ်လုပွဲစဉ်အဖြစ် ရီးရဲလ်ဘက်တစ်နဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး ဆုဖလားတစ်လုံးနဲ့ ရာသီသိမ်းနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိစီစဉ်ထားတဲ့ ပွဲစဉ်တွေအရ ရီးရဲလ်ဘက်တစ်ဟာ ချဲလ်ဆီးထက် ၄၈ နာရီအထိ အနားယူခွင့်ပိုရသွားမှာဖြစ်လို့ ဗိုလ်လုပွဲကို အင်ပြည့်အားပြည့်နဲ့ ယှဉ်ပြိုင်လာနိုင်မှာဖြစ်ပါတယ်။
မာရက်စ်ကာက "ကျွန်တော် သိပ်တော့မကျေနပ်ပါဘူး။ ဥရောဗိုလ်လုပွဲတစ်ခုမှာ တစ်သင်းကို အခြားအသင်းထက် ၄၈ နာရီလောက်အနားပိုပေးတာက မျှတမှုမရှိဘူးလို့ထင်ပါတယ်။ သူတို့လည်း ကျွန်တော်တို့လိုမျိုးပဲ တနင်္ဂနွေနေ့မှာ ပွဲကစားရရင်တော့ နားချိန် ညီတူမျှတူရရှိသွားမှာပါ။ ဒါပေမယ့် အခုကတော့ သာမန်အခြေအနေမဟုတ်ဘဲ သူတို့မှာ နားချိန်ပိုရနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်ကို လာမယ့် မေလ ၂၅ ရက်နေ့မှာ နော်တင်ဟမ်ဖော်ရက်စ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ မာရက်စ်ကာရဲ့အသင်းဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆိုပါပွဲစဉ်မှာ မဖြစ်မနေအနိုင်ယူသွားရမှာဖြစ်လို့ ဘက်တစ်နဲ့ပွဲအတွက် အသင်းရဲ့လူစာရင်းကို ချန်ထားလို့မရတဲ့အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။
တစ်ဖက်က ရီးရဲလ်ဘက်တစ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်မရနိုင်တော့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်နဲ့ပဲ ကျေနပ်လိုက်ရပြီး မေလ ၂၃ ရက်နေ့မှာ ဗလန်စီယာကစားမယ့် လာလီဂါရာသီပိတ်ပွဲစဉ်မှာ ဖိအားကင်းကင်းနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ဘက်တစ်တို့ဟာ မေလ ၂၉ ရက်နေ့မှာ ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘယ်အသင်းက အနိုင်ရဗိုလ်စွဲသွားမလဲဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။ အဆိုပါဗိုလ်လုပွဲအပြီးမှာတော့ ချဲလ်ဆီးက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမေရိကန်သို့ ခရီးထွက်ခွာသွားမှာဖြစ်ပါတယ်။