
ရာသီကြိုနောက်ဆုံးခြေစမ်းပွဲမှာ ယူနိုက်တက်အတွက် စတင်ပွဲထွက်ကစားဖွယ်ရှိတဲ့ အမ်ဘွေမို
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယခုနွေရာသီမှာ ဘရန့်ဖို့ဒ်မှ အသင်းသို့ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်ကစားသမားသစ် ဘရိုင်ယန်အမ်ဘွေမိုဟာ လေ့ကျင့်ရေးအစီအစဉ်တွေကို သက်တောင့်သက်သာပဲပြုလုပ်သွားမှာဖြစ်လို့ နောက်ဆုံးခြေစမ်းပွဲမှသာ အသင်းအတွက် စတင်ပါဝင်ကစားသွားဖွယ်ရှိတယ်လို့ ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ အမ်ဘွေမိုကို ပေါင် ၇၁ သန်းအထိ အကုန်အကျခံ ခေါ်ယူခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ စတင်အသုံးပြုခဲ့ခြင်းမရှိပါဘူး။ သို့သော်လည်း ကင်မရွန်းလက်ရွေးစင်အနေနဲ့ ရာသီကြိုခြေစမ်းခရီးစဉ်ထဲမှာပဲ အသင်းအတွက် စတင်ပါဝင်ကစားနိုင်ချေရှိတယ်လို့ အာမိုရင်ကဆိုပါတယ်။
ယူနိုက်တက်မီဒီယာသို့ အာမိုရင်က "အမ်ဘွေမိုက သက်တောင့်သက်သာပဲ လေ့ကျင့်ခန်းဆင်းနေပါတယ်။ လာမယ့်ပွဲမှာလည်း သူပါဝင်ကစားမှာမဟုတ်ပါဘူး။ အမေရိကန်မှာကစားသွားမယ့် နောက်ဆုံးခြေစမ်းပွဲမှာတော့ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လောလောဆယ်မှာ လေ့ကျင့်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်နေတာကြောင့် ကျွန်တော်တို့ စောင့်ကြည့်သွားရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ အသင်းရဲ့တန်ကြေးအမြင့်ဆုံးကစားသမားစာရင်းမှာ ပါဝင်လာတဲ့ အမ်ဘွေမိုကို အတတ်နိုင်ဆုံး ပွဲထုတ်အသုံးပြု နိုင်ဖို့ မျှော်လင့်နေမှာဖြစ်သလို၊ ပရိသတ်တွေအနေနဲ့လည်း ကစားသမားရဲ့စွမ်းဆောင်ရည်ကို အမြန်ဆုံးမြင်တွေ့လိုနေကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ကျရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ ယူနိုက်တက်ကို လာမယ့်ရာသီမှာတော့ အမ်ဘွေမိုအနေနဲ့ ဘယ်လောက်အထိ အကူအညီပေးသွားနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လာမယ့်သောကြာနေ့မှာ ယူနိုက်တက်ဟာ ခြေစမ်းပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကိုလွဲချော်သွားမယ့် အမ်ဘွေမိုအနေနဲ့ ဩဂုတ်လ ၄ ရက်နေ့ အဲဗာတန်နဲ့ပွဲစဉ်မှာတော့ စတင်ပါဝင်ကစားသွားဖွယ်ရှိပါတယ်။