The network connection is lost.

Banner Image

ပေါင်သန်း၆၀တန် မေဆင်မောင့်က ယူနိုက်တက်အတွက် ဘယ်အရာတွေ ယူဆောင်လာပေးနိုင်မလဲ

ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ မေဆင်မောင့်ကို ပေါင်သန်း၆၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါပြီ။ ကနဦး ပေါင်၅၅သန်း+အပိုဆုကြေး ပေါင်၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး ၂၀၂၈ခုနှစ် ဇွန်လထိ စာချုပ်ချုပ်သွားဖို့ ရှိနေပါတယ်။

၂၄နှစ်သားဟာ ၂၀၁၉-၂၀ရာသီ ချဲလ်ဆီးအသင်းမှာ နေရာရခဲ့ပြီးနောက် အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့သလို ယခု ယူနိုက်တက်မှာလည်း ဘယ်နေရာမှာ အံဝင်နိုင်မယ်ဆိုတာ သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။ ယူနိုက်တက်အသင်း မေဆင်မောင့်ကို ခေါ်ယူလိုက်တာက နားလည်ပေးလို့ရပါတယ်။

ပရီးမီးယားလိဂ်နဲ့ နိုင်ငံတကာပွဲစဉ် အတွေ့အကြုံရှိပြီး အကောင်းဆုံးအချိန်ကို ရောက်နေတဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ဦးကို ယူနိုက်တက်က မကြိုက်စရာအကြောင်းမရှိပါဘူး။ ဗီတက်စီ၊ ဒါဘီကောင်တီအသင်းတွေမှာ အောင်မြင်တဲ့ အငှားကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးနောက် မေဆင်မောင့်ဟာ ချဲလ်ဆီးအတွက် ၁၉၅ပွဲ ကစားကာ ၃၃ဂိုး သွင်းယူပေးခဲ့ပါတယ်။

၂၀၂၁ခုနှစ်တုန်းက ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင်လည်း ကူညီပေးခဲ့သလို ဖီဖာကလပ်ကမ္ဘ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယမန်နှစ်ရာသီကတော့ ချဲလ်ဆီးတစ်သင်းလိုပဲ မေဆင်မောင့်လည်း ရုန်းကန်ခဲ့ရပြီး ဒဏ်ရာပြဿနာတွေလည်း များခဲ့ပါတယ်။

ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ်မှာ အဆင့်၁၂နေရာသာရခဲ့တာကြောင့် မေဆင်မောင့်ဟာလည်း ပရိသတ်တွေရဲ့ ဝေဖန်တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် မောင့်ဟာ ဒါဘီမှာတုန်းက လက်တွဲခဲ့တဲ့ ဆရာဟောင်း လမ်းပတ် ချဲလ်ဆီးကို ပြန်လည်ချိန်မှာ ပွဲထွက်ခွင့်တွေ ပြန်ရခဲ့ပါသေးတယ်။ ယမန်နှစ်က ကျင်းပခဲ့တဲ့ ကာတာကမ္ဘ္ဘာ့ဖလားတုန်းကလည်း အင်္ဂလန်အသင်း အတွက် လေးပွဲ ပါဝင်ကစားပေးခဲ့ပြီး ကစားသမားရဲ့ခြေစွမ်းအပေါ် နည်းပြဆောက်ဂိတ်က ချီးကျူးခဲ့ပါသေးတယ်။

၂၀၂၁-၂၂ရာသီဟာ မောင့်အတွက် ချဲလ်ဆီးကစားသမားဘ၀ အကောင်းဆုံး ရာသီဖြစ်ခဲ့ပြီး ၁၃ဂိုး သွင်းယူနိုင်ခဲ့ကာ အခွင့်အရေးဖန်တီးမှု၅၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ မောင့်ဟာ ကွင်းလယ်တိုက်စစ်နံပါတ်၁၀နေရာ၊ ညာတောင်ပံ၊ ဘယ်တောင်ပံတို့မှာ ဘက်စုံကစားနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အရင်ကလည်း ချဲလ်ဆီးအတွက် အထောင်တိုက်စစ်မှူးအဖြစ် တစ်ခါတစ်ရံ ဝင်ကစားပေးခဲ့ပါသေးတယ်။

အင်္ဂလန်သားဟာ တိုက်စစ်မှူးရဲ့နောက်ခြံရံကစားနိုင်ပေမယ့် အဆိုပါနေရာမှာ ဘရူနိုဖာနန်ဒက်စ်၊ ဂါနာချို၊ ဆန်ချို၊ အဲရစ်ဆင်တို့လို ကစားသမားတွေရှိနေတာကြောင့် တန်ဟတ်အနေနဲ့ အဲ့ဒီနေရာအတွက် အသုံးပြုဖွယ်မရှိပါဘူး။ တကယ်လို့ ယူနိုက်တက်ကသာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူလိုက်မယ်ဆိုရင် ရက်ရှ်ဖို့ဒ်လည်း အဆိုပါနေရာမှာ ကစားနိုင်ပါသေးတယ်။

တန်ဟတ်ဟာ မောင့်ကို ဘက်စုံသုံး ကစားသမားအဖြစ် တန်ဖိုးထားပေမယ့် တကယ်တမ်းမှာ အဲရစ်ဆင်ရဲ့နေရာကို ပြိုင်ဆိုင်မှုပြင်းထန်စေမယ့် ကွင်းလယ်တိုက်စစ်နေရာမှာ အသုံးပြုဖို့များနေပါတယ်။ ဆာဘစ်ဇာက ဘိုင်ယန်မြူးနစ်ထံ ပြန်သွားပြီး အဲရစ်ဆင်ကလည်း အသက်အရွယ်ရလာတဲ့ အခြေအနေမှာ မေဆင်မောင့်က လူငယ်ကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်မယ်လို့ ယူနိုက်တက်က ယူဆထားပါတယ်။

၂၀၁၉ခုနှစ်က ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရခဲ့ပြီးနောက် မောင့်ဟာ ဂိုးဖန်တီးမှု ၂၂ကြိမ် ပြုုလုပ်နိုင်ခဲ့ပြီး ဒါကလည်း သင့်တော်တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။  ၂၀၂၁-၂၂ရာသီအတွင်း မိနစ်၂၀၀၀ကျော် ပါဝင်ခွင့်ရခဲ့ပြီးနောက် မောင့်ဟာ မိနစ်၉၀အတွင်း တိုက်စစ်ကို ဘောလုံးပေးမှု ပျမ်းမျှ ၆.၂၅ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဒါကလည်း ပရီးမီးယားလိဂ် မှတ်တမ်းကောင်းတွေထဲကတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

အလားတူ မောင့်ဟာ မိနစ်၉၀အတွင်း ပျမ်းမျှအဓိကကျသောပေးပို့မှု ၂.၂၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ဝ.၂၆ကြိမ်ရှိကာ ဘောလုံးမျောပေးမှု ၄.၅၃ကြိမ် ရှိခဲ့ပါတယ်။ မောင့်ကိုခေါ်လိုက်ခြင်းဖြင့် ယူနိုက်တက်ဟာ တန်ဟတ်ရဲ့ ပထမဆုံးရာသီမှာ ကာရာဘောင်ဖလား ဆွတ်ခူးကာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီးနောက် လာမယ့်ရာသီအတွက် အဆင့်မြင့်တင်ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ဂိုးသမားနဲ့ တိုက်စစ်မှူးနေရာ အားနည်းနေပေမယ့် ကွင်းလယ်တိုက်စစ်နေရာ ခေါ်ယူလိုက်ခြင်းအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် မောင့်ဟာ ယူနိုက်တက်အတွက် ဂိုးဖန်တီးမှုပိုင်းမှာ နောက်ထပ်ရွေးချယ်စရာတစ်ခုကို ပေးစွမ်းလိုက်တာပါပဲ။ ခံစစ်ပိတ်ကန်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ရရင် ပြဿနာတက်လေ့ရှိတဲ့ ယူနိုက်တက်အတွက် မောင့်က အကျပ်ထဲမှာ လှုပ်ရှားတတ်သူဖြစ်ပြီး ယူနိုက်တက်တိုက်စစ်ရဲ့ အားနည်းချက်နောက်တစ်ခုဖြစ်တဲ့ Pressing လုပ်ခြင်း အားနည်းမှုအပေါ်မှာလည်း မောင့်က အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ မောင့်ဟာ တိုက်စစ်သာမက ခံစစ်ကိုလည်း ကူနိုင်သူတစ်ဦးဖြစ်တယ်လို့ အတိအလင်း ပြောထားခဲ့ပါတယ်။

မေဆင်မောင့်ရောက်လာတာကြောင့်လည်း ယူနိုက်တက်ဟာ အဲရစ်ဆင်ကို အမြဲတမ်း အသုံးပြုနေစရာမလိုတော့ပါဘူး။ ပရိသတ်တွေလည်းသိကြတဲ့အတိုင်း အဲရစ်ဆင်ဟာ ယမန်နှစ်ရာသီအတွင်း ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက် အရင်ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိတော့သလို တစ်ပွဲလုံးကစားနိုင်တဲ့ အင်အားလည်း မရှိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် တန်ဟတ်သာ တိုက်စစ်မှူးနောက်မှာ တိုက်စစ်ကစားသမားသုံးယောက်လိုက်ပါတဲ့ ကစားကွက်ကို ဆက်သုံးမယ်ဆိုရင် ရက်ရှ်ဖို့ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကို ကျိန်းသေပေါက် အသုံးပြုရမှာဖြစ်လို့ ယူနိုက်တက်အသင်း ပေါင်သန်း၁၅၀ကျော်သုံးပြီး ခေါ်ယူထားတဲ့ ဆန်ချိုနဲ့ အန်တိုနီတို့ရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။