The network connection is lost.

Banner Image

ချန်ပီယံလိဂ်မှာ အခုထက်ပိုပြီး နိုင်ပွဲတွေလိုချင်သေးတယ်လို့ ပြောကြားလာတဲ့ အိုလ်မို

ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်ကို ၂-၃ နဲ့အနိုင်ရရှိပြီးနောက် ဘာစီလိုနာကွင်းလယ် ဒန်နီအိုလ်မိုက သူ့အနေနဲ့ ချန်ပီယံလိဂ်မှာ အခုထက်ပိုပြီး နိုင်ပွဲတွေ ပိုမိုရရှိလိုကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာဘာစီလိုနာဟာ ရာဖင်ဟာ၊ ဖာရန်းတောရက်စ်တို့ရဲ့သွင်းဂိုးတွေနဲ့ ပွဲကို ၂ ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးလည်း ၂ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ သို့သော် ပွဲပြီးကာနီး ၅ မိနစ်အလိုမှာတော့ အနိုင်ဂိုးရရှိခဲ့ပြီး တောရက်စ်ကပဲ ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ယခုနိုင်ပွဲကြောင့် ဘာစီလိုနာဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ သေချာသွားခဲ့ပြီဖြစ်သော်လည်း ကွင်းလယ်လူ အိုလ်မိုကတော့ နိုင်ပွဲတွေထပ်မံရယူလိုသေးကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အိုလ်မိုက “ကျွန်တော်တို့ ပွဲစဉ်တိုင်းကို အနိုင်ရချင်ပါတယ်။ ဒီပြိုင်ပွဲမှာ ရရှိထားတဲ့ ၁၅ မှတ်က ကောင်းမွန်တဲ့ပမာဏဆိုပေမယ့် နိုင်ပွဲတွေထပ်လိုချင်နေတုန်းပါ” လို့ပြောကြားခဲ့ပါတယ်။ 

ဘာစီလိုနာကို ချန်ပီယံလိဂ် ၅ ပွဲဆက်တိုက်နိုင်ပွဲဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်ကလည်း “ဒီမှာအနိုင်ရတာ အထူးကျေနပ်စရာပါ။ ဒီပွဲမှာအနိုင်ရတဲ့အသင်းက နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ကြီးမားတဲ့ခြေလှမ်းကိုလှမ်းနိုင်မယ်ဆိုတာ သိထားခဲ့ကြပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်ပြီး အရောက်လှမ်းနိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဂျာမန်သားက “ဂျာမနီမြေကို ပြန်လာရလို့ ပျော်ပါတယ်။ ဒီမှာကစားရတဲ့ အငွေ့အသက်ကလည်း အရင်အတိုင်း လက်ဆတ်နေတုန်းပါ။ ကျွန်တော်တို့ရဲ့ ပထမဆုံးရည်မှန်းချက်က ထိပ်ဆုံး ၈ သင်းဝင်ဖို့ပါ။ ဒါပေမယ့် ဆုဖလားကိုဆွတ်ခူးနိုင်ဖို့အတွက်တော့ ခရီးရှည်ကြီး လျှောက်ရပါဦးမယ်။ ဒါ့ကြောင့် ပွဲစဉ်တိုင်းမှာ အာရုံစိုက်ထားဖို့လိုပါတယ်။ အခုချိန်မှာ ကျွန်တော်တို့လမ်းကြောင်းမှန်ပေါ်ရောက်နေတယ်လို့လည်းထင်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။