The network connection is lost.

Banner Image

မန်စီးတီးက လမ်းကြောင်းမှန်ပေါ်မှာမရှိကြောင်း ဂွါဒီယိုလာ ဝန်ခံ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းဟာလမ်းကြောင်းမှန်ပေါ်မှာမရှိကြောင်း ဝန်ခံလာခဲ့ပြီး ယူနိုက်တက်ကို ၀-၀ နဲ့သရေကျခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဖီးလ်ဖိုဒန်နဲ့ ဂျက်ခ်ဂရီးလစ်ရှ်တို့ ပစ်မှတ်ထား နှောင့်ယှက်ခံခဲ့ရတယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်နဲ့ပွဲစဉ်မှာ ဂရီးလစ်ရှ်ဟာ ယူနိုက်တက် ပရိသတ်တစ်ဦးရဲ့ကိုယ်ထိလက်ရောက်စော်ကားခြင်းကိုခဲခဲ့ရပြီး ယခုအခါမှာတော့ ယူနိုက်တက်ဟာ အဆိုပါပရိသတ်ကို အရေးယူပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဖီးလ်ဖိုဒန်ကလည်း သူ့ရဲ့မိခင်ဖြစ်သူနဲ့ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ သံပြိုင်အော်ဟစ်လှောင်ပြောင်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။ 

ဂွါဒီယိုလာက ကစားသမားတွေအနေနဲ့ အဆိုပါအဖြစ်အပျက်တွေကို မေ့ဖျောက်ထားသင့်ကြောင်း ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မတိုင်မီမှာ ပြောကြားလာခဲ့ပါတယ်။ စပိန်သားနည်းပြက "ဒီလိုအဖြစ်အပျက်တွေက နေရာတိုင်းမှာဖြစ်နေကျပါ။ ကမ္ဘာကြီးက ဒီလိုပါပဲ။ အားကစားကဏ္ဍမှာပဲ ဒါကဖြစ်ပျက်နေတာမဟုတ်ပါဘူး။ ယူနိုက်တက်ကြောင့် လည်း ဒီလိုပြဿနာတွေဖြစ်လာတာမဟုတ်ပါဘူး။ ဒါက အသင်းအတွက် ပြဿနာမဟုတ်ပါဘူး။ နေရာတိုင်းမှာဖြစ်ပျက်နေတာပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းက လမ်းကြောင်းမှန်ပေါ်မှာရောက်မနေတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက ဖိုဒန်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာလှောင်ပြောင်ခံခဲ့ရတဲ့အပေါ် အခုချိန်အထိ မေ့ဖျောက်နိုင်ခြင်းမရှိသေးကြောင်း အသိပေးခဲ့ပါတယ်။ ဂွါဒီယိုလာက "လောလောဆယ်မှာတော့ ဖိုဒန်က ပုံမှန်အတိုင်းမဖြစ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို ကျော်ဖြတ်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ စနေနေ့ညမှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရပါမယ်။