The network connection is lost.

Banner Image

စပိန်နဲ့ရင်ဆိုင်သွားရမယ့် ယူရိုဗိုလ်လုပွဲမတိုင်မီ လာမိုင်းယာမယ်ကို ချီးကျူးပြောဆိုလာတဲ့ ဝက်ကင်းစ်

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး အိုလီဝက်ကင်းစ်က စပိန်နဲ့ထိပ်တိုက်တွေ့ဆုံနေတဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲစဉ်မတိုင်မီမှာ ပြိုင်ဘက်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး လာမိုင်းယာမယ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

စပိန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ၁၆ နှစ်သားဟာ ယူရိုသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်ထားပြီး တောက်ပတဲ့စွမ်းဆောင်ရည်တွေနဲ့ အမြင့်ပျံနေဆဲဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲမှာ စပိန်အတွက် ၆ ပွဲကစားထားတဲ့ ‌တောင်ပံကစားသမားဟာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားနိုင်သလို၊ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ပြင်သစ်ဘက်ကို ရင်သပ်ရှုမောဖွယ်သွင်းဂိုးရယူပြီး အသင်းကို ဗိုလ်လုပွဲသို့ပို့ဆောင်ပေးထားနိုင်တာဖြစ်ပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟာ ယူရိုသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးနောက်မှာတော့ ဗိုလ်လုပွဲမှာပါဝင်ကစားနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် လာမယ့်အင်္ဂလန်နဲ့ပွဲမှာ နောက်ထပ်မှတ်တမ်းတစ်ခု ထပ်မံရရှိတော့မှာဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ‌တော့ ယာမယ်ဟာ အသက်-၁၇ နှစ်ပြည့်မွေး‌‌နေ့ကို ဖြတ်သန်းရမှာဖြစ်ပြီး ယခုအခါမှာ‌တော့ အိုလီဝက်ကင်းစ်ကို အသက်-၁၇ နှစ်ပြည့်ချိန်မှာ ဘာလုပ်နေခဲ့သလဲလို့မေးမြန်းရာ ကစားသမားက "သေချာတာကတော့ ကျွန်တော်အသက် ၁၇ နှစ်အရွယ်မှာ ဗိုလ်လုပွဲတစ်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်မနေခဲ့ရပါဘူး။ ယာမယ်ကတော့ မယုံနိုင်လောက်တဲ့ ပါရမီရှင်ကစားသမားပါ။ သူဘာတွေလုပ်နိုင်သလဲဆိုတာ အားလုံးမြင်တွေ့ခဲ့ရပြီးပါပြီ။ အသက်-၁၆ နှစ်အရွယ်မှာ ပြင်သစ်လိုအသင်းမျိုးနဲ့ ယူရိုဆီမီးဖိုင်နယ်မှာတွေ့ပြီး အပေါ်ထောင့်ထဲကိုဂိုးသွင်းယူနိုင်ဖို့ဆိုတာ သိပ်မဖြစ်နိုင်တဲ့ကိစ္စပါ။ သူကတော့ ကမ္ဘာ‌ကြီးကို ခြေထောက်ထဲမှာ ထည့်ထားနိုင်ပါတယ်။ သူက ကျွန်တော် ၁၆-၁၇ အရွယ်ကထက် အများကြီးရှေ့ကိုရောက်နေတယ်ဆိုတာ‌တော့ အသေအချာပါပဲ" လို့ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဝက်ကင်းစ် ယာမယ်အနေနဲ့ သူ့ရဲ့ပတ်ဝန်းကျင်မှာ ခိုင်မာပြီး ပံ့ပိုးမှုအားကောင်းတဲ့ ကွန်ရက်တစ်ခုရှိနေဖို့မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အင်္ဂလန်သားက "ဘာစီလိုနာအတွက်ကစားရတာနဲ့ စပိန်အတွက်ကစားရတာက သူ့အတွက်တော့ ခက်ခဲမယ့်အရာတွေချည်းပါပဲ။ ဒါကြောင့် သူ့အနေနဲ့ သူ့အလုပ်ကိုသူ အာရုံစိုက်နိုင်ဖို့ ပတ်ဝန်းကျင်မှာ ရင်းနှီးတဲ့လူတစ်စုရှိဖို့လိုအပ်တယ်လို့ထင်ပါတယ်။ ကျွန်တော့်မှာလည်း ကျွန်တော့်ကို တည့်မတ်ပေးဖို့နဲ့ ကူညီပေးဖို့ ပတ်ဝန်းကျင်မှာ လူကောင်းတွေရှိပါတယ်" လို့ပြောကြား ခဲ့ပါတယ်။