
ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် မန်စီးတီးမှာ ဘာကြောင့်ဆက်ရှိနေသလဲဆိုတာ ရှင်းပြလာတဲ့ ဝေါ်လ်ကာ
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်က မန်စီးတီးနောက်ခံအစွန်လူ ကိုင်လီဝေါ်လ်ကာကို ခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့လှုပ်ရှားမှုက ရှော့ခ်ရစရာတစ်ခုဖြစ်ပေမယ့် လတ်တလောမှာ ဘိုင်ယန်မြူးနစ်လူစာရင်းအတွင်း ညာနောက်ခံလူနေရာအားနည်းနေခဲ့လို့ ဝေါ်လ်ကာအတွက်တော့ ပွဲထွက်ခွင့်ရရှိရေး ကူညီပေးနိုင်ပါလိမ့်မယ်။
နောက်ပိုင်းမှာတော့ အားလုံးသိထားကြသလို ဝေါ်လ်ကာက မူလအခြေအနေအတိုင်း မန်စီးတီးမှာပဲ ဆက်နေဖို့ ရွေးချယ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပက်ဂွါဒီယိုလာရဲ့အသင်းက သူ့ကို နှစ်ရှည်စာချုပ်တစ်ခုဖြင့် ကမ်းလှမ်းလာလို့ပဲ ဖြစ်ပါတယ်။
ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံချိန် ဝေါ်လ်ကာက "ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်သလို ကိစ္စတိုင်းကလည်း ပြောင်းလဲနိုင်ပါတယ်။ အတော်လေးတော့ နီးစပ်ခဲ့တာပါ။ ဒါပေမယ့် ဘောလုံးမှာ အရာရာတိုင်းဖြစ်နိုင်ခြေရှိပါတယ်။ ဖြစ်ရမယ်လို့ ဆိုလိုတာမျိုးမဟုတ်ပါဘူး။ အတွေ့အကြုံသစ်တွေက ကျွန်တော့်ကို ပျော်ရွှင်စေနိုင်မလား? မှန်ပါတယ်၊ ပျော်ရွှင်စေပါလိမ့်မယ်။ ဒါပေမယ့် မန်စီးတီးကလည်း အသင်းကောင်းတစ်ခုပါ။ ပြီးခဲ့တဲ့ခြောက်နှစ် (သို့မဟုတ်) ခုနစ်နှစ်တာကာလအတွင်း ဒီကလပ်အသင်းလုပ်ဆောင်ခဲ့တဲ့ အရာတွေကို လျှော့တွက်တာမျိုး မလုပ်စေချင်ပါဘူး"
"ကျွန်တော့်အတွက် မှန်ကန်သင့်လျော်တဲ့ပွဲကစားချိန်မျိုး ရရှိနေမယ်ဆိုရင် ကျွန်တော် အဝေးဆီထွက်ခွာသွားသင့်သလား? ကျွန်တော် လိုချင်တာ ဒါပါပဲ။ ကျွန်တော်နဲ့အတူ နှစ်တွေအများကြီး ရှိနေခဲ့တာ ဘယ်သူဖြစ်မလဲ? ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခြင်းကလည်း ကျွန်တော့်ကို ဆိုးရွားသွားစေတာမျိုး မဖြစ်စေပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘိုင်ယန်မြူးနစ်က အသင်းကြီးတစ်ခုဖြစ်ပြီး ဟယ်ရီကိန်းနဲ့လည်း ပြန်ဆုံရပါလိမ့်မယ်။ ဒါက တဆင့်လျှော့ကျသွားတာတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ဦးနှောက်ထဲမှာတော့ မန်စီးတီးအတွက်ပဲ အမြဲတမ်းကစားပေးချင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနာဂတ်နဲ့ ကျွန်တော့်အတွက် မှန်ကန်မယ့်အရာကိုလည်း လုပ်ရပါဦးမယ်။ ဒါကြောင့်ပဲ ဘယ်အသင်းက ကျွန်တော့်ကို အမြင့်ဆုံးအဆင့်မှာ ဘောလုံးကစားဖို့ အချိန်ပေးဦးမလဲဆိုတာ ဆုံးဖြတ်ခဲ့ရုံလေးပါပဲ" လို့ ပြောပါတယ်။
လက်ရှိမှာ အင်္ဂလန်လက်ရွေးစင်ကစားသမားက မန်စီးတီးနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝေါ်လ်ကာကို ဆက်လက်မြင်တွေ့ရပါဦးမယ်။