ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပါဝင်လာနိုင်တော့မယ့် ဒီကလန်ရိုက်စ်နဲ့ ကာလာဖီအိုရီ
ဒီကလန်ရိုက်စ်နဲ့ ကာလာဖီအိုရီတို့ဟာ ယနေ့ည ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပြန်လည်ပါဝင်လာနိုင်တော့မယ်လို့ သိရပါတယ်။ ရိုက်စ်ဟာ အသေးစားဒဏ်ရာပြဿနာကြောင့် ဗုဒ္ဓဟူးနေ့ည ခရစ္စတယ်ပဲလေ့စ်နဲ့ ကာရာဘောင်ဖလားပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
ကာလာဖီအိုရီကတော့ ဒီဇင်ဘာလအစကတည်းက အနားယူနေရတာဖြစ်ပြီး အာဆင်နယ်က လူးဝစ်စကယ်လီကို ဘယ်နောက်ခံလူနေရာအတွက် အသုံးပြုနေရပါတယ်။ အာဆင်နယ်နည်းပြ အာတီတာက ဇင်ချန်ကိုဟာလည်း ယနေ့ညပွဲစဉ် လူစာရင်းမှာ ပါဝင်လာနိုင်ခြေရှိနေတယ်လို့ ဆိုထားပါတယ်။ အာတီတာဟာ အာဆင်နယ်နည်းပြဖြစ်လာတာ ၅နှစ်ပြည့်တဲ့နေ့မှာပဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အာတီတာက "ကျွန်တော် ဒီမှာရှိရတာ တကယ်ပျော်နေပါတယ်။ အချိန်တွေက အရမ်းမြန်နေသလိုပါပဲ။ ကျွန်တော် အခုရောက်နေတဲ့နေရာအတွက် အလွန်ဝမ်းသာမိပါတယ်။ ကျွန်တော့်မှာ သင်ယူစရာနဲ့ တိုးတက်စရာတွေ အများကြီး ရှိနေပါသေးတယ်။ အကောင်းဆုံးအချိန်တွေက အခုထိမရောက်သေးပါဘူး။
ကျွန်တော်တို အဓိက ဆုဖလားတွေကို လိုချင်ပါတယ်။ ကျွန်တော်တို့ တည်ဆောက်ခဲ့တာတွေကို မပျောက်ပျက်စေဘဲ ဆုဖလားတွေရယူနိုင်ဖို့ အရေးကြီးပါတယ်။"လို့ ပြောခဲ့ပါတယ်။