The network connection is lost.

Banner Image

ဗီလာနဲ့ပွဲစဉ်ဟာ မန်စီးတီးအတွက် ဗိုလ်လုပွဲတစ်ခုပဲလို့ ပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရမယ့် မန်စီးတီးရဲ့ပရီးမီးယားလိဂ်ပွဲစဉ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး အလွန်အရေးပါနေခြင်းကြောင့် ဗိုလ်လုပွဲတစ်ခုအဖြစ် ပက်ဂွါဒီယိုလာက သတ်မှတ်ခဲ့ပါတယ်။ လာမယ့်ရာသီ၊ ဥရောပထိပ်တန်းပြိုင်ပွဲကြီးမှာ ပရီးမီးယားလိဂ်ကလပ်အသင်းငါးခုအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပြီး အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးအပြင် အာဆင်နယ်တို့က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခြေအနေကောင်းနေပါတယ်။ ဒါ့အပြင် လက်ကျန်သုံးနေရာအတွက် အမှတ်ကွာဟမှုသုံးမှတ်သာရှိနေတဲ့ ကလပ်အသင်းငါးခုအတွက်လည်း စိတ်ဝင်စားဖွယ်ပြိုင်ပွဲတစ်ခုက ဖွံ့ဖြိုးတိုးတက်လာနေပါတယ်။

လက်ကျန်ငါးပွဲကစားရဖို့ကျန်ရှိချိန် အမှတ်ပေးဇယားပဉ္စမနေရာရှိ မန်စီးတီးက ဒီည၊ အီတီဟတ်ကွင်းမှာ အမှတ်ပေးဇယားအဆင့်-၇ နေရာမှာ ရပ်တည်နေတဲ့ အူနိုင်းအမ်မရီရဲ့အက်စတွန်ဗီလာကို ဧည့်ခံကစားသွားရပါမယ်။ ဒီနှစ်သင်းအကြား အမှတ်ကွာဟမှုက တစ်မှတ်သာရှိနေလို့ အခုပွဲစဉ်ရလဒ်ပိုင်းက အမှတ်ပေးဇယားရပ်တည်မှုကို သက်ရောက်မှုကြီးမားစေနိုင်ပါတယ်။

အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အက်စတွန်ဗီလာက ပလေးအော့ဖ်ရှုံးထွက်အဆင့်မှာပဲ လှည့်ပြန်ခဲ့ရတဲ့ မန်စီးတီးထက် ပိုမိုခရီးရောက်ခဲ့ပါတယ်။ သူတို့တွေက ပီအက်စ်ဂျီကိုမရှုံးနိမ့်ခင် ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက “ သူတို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်ဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းလူးဝစ်အင်းနရစ်ရဲ့ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရချိန် သူတို့ကစားသွားပုံကို ခင်ဗျားတို့လည်း မြင်တွေ့ကြပါတယ်။ ဝိုး…. ကျွန်တော် အရမ်းသဘောကျပါတယ်။

အဝေးကွင်းမှာ သူတို့တွေ ခံစစ်ပိတ်ကစားနိုင်ပါတယ်။ ဒါပေမယ့် သူတို့မှာရှိနေတဲ့ လက်နက်တွေ၊ အမြန်နှုန်းတွေ၊ အလွတ်တည်ကန်ဘောစွမ်းရည်တွေနဲ့အတူ တိုက်စစ်ဖွင့်ကစားချိန်မှာလည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် စုစည်းမှုအပြည့် ရှိနေပြန်ပါတယ်။

ဒါက ဗိုလ်လုပွဲတစ်ခုပါ။ အသင်းကို လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရိသတ်တွေ ပြန်မြင်တွေ့ချင်တယ်လို့ ယူဆမိလို့ ကျွန်တော်တို့အသင်းပရိသတ်တွေရဲ့ခွန်အားကို လိုအပ်ပါတယ်။ ပွဲစတင်ချိန်ကတည်းက ပရိသတ်တွေက ကျွန်တော်တို့အသင်းအတွက် အကူအညီပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ တခါတလေ ကျွန်တော်တို့က ဖြစ်ကတက်ဆန်းနိုင်ပြီး ကစားပုံလည်း မကောင်းမွန်ပါဘူး။ အခုတော့ ဒီပွဲစဉ်က ကျွန်တော်တို့အတွက် ဗိုလ်လုပွဲတစ်ခုလိုဖြစ်နေလို့ ကွင်းတွင်းမှာ ပရိသတ်တွေရဲ့အူလှိုက်သဲလှိုက်အားပေးမှုကို လိုအပ်နေပါပြီ”လို့ ပြောပါတယ်။

မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့က အခုသီတင်းပတ်ကုန်၊ အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကို အသီးသီးကျော်ဖြတ်နိုင်မယ်ဆိုရင် လာမယ့်မေလ၊ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ထပ်မံရင်ဆိုင်သွားရနိုင်ပါတယ်။

အခုဘောလုံးရာသီအတွင်း အက်စတွန်ဗီလာအသင်းအတွက် အထူးတောက်ပနေသူတစ်ဦးကတော့ မန်စီးတီးကစားသမားဖြစ်ခဲ့ဖူးတဲ့ ရိုဂျာစ် ဖြစ်ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားက ၂၀၁၉ ခုနှစ်မှာ ဝက်စ်ဘရွန်းမှ ပက်ဂွါဒီယိုလာရဲ့အသင်းဆီ ရောက်ရှိလာခဲ့ပေမယ့် စီနီယာအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ လင်ကွန်းစီးတီး၊ ဘုန်းမောက်၊ ဘလက်ပူးတို့မှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလအတွင်း မစ်ဒယ်ဘရော့မှ အက်စတွန်ဗီလာဆီ ပြောင်းရွှေ့လာခဲ့တဲ့ ရိုဂျာစ်က အခုဘောလုံးရာသီမှာ အသင်းအတွက် ၁၄ ဂိုးသွင်း၊ ၁၃ ကြိမ်ဂိုးဖန်တီးမှုနဲ့အတူ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ကို ပြသရင်း အင်္ဂလန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ 

ပက်ဂွါဒီယိုလာက “ ရိုဂျာစ်က အရန်အသင်းမှာပဲ ရှိနေခဲ့ပြီး ကျွန်တော်တို့နဲ့ တခါတလေ လေ့ကျင့်ခန်းဆင်းဖူးပါတယ်။ဖြတ်ခနဲကြည့်လိုက်ရုံနဲ့ သူ့ဆီမှာ လုပ်နိုင်စွမ်းအပြည့်ရှိတယ်ဆိုတာ မြင်တွေ့နိုင်ပါလိမ့်မယ်။ အက်စတွန်ဗီလာအသင်းမှာ သူ့ရဲ့အကျိုးသက်ရောက်မှုက အံ့မခန်းလောက်စရာပါပဲ ကစားသမားကောင်းတစ်ဦးပါ။ ဒါကြောင့် ကျွန်တော်တို့မှာ ထူးခြားတဲ့ကစားသမားတစ်ဦး ရှိခဲ့ဖူးပါတယ်”လို့ ပြောပါတယ်။