လီဝန်ဒေါစကီးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မခန့်မှန်းနိုင်သေးဘူးလို့ပြောကြားလာတဲ့ ဟန်ဆီဖလစ်
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းရဲ့တိုက်စစ်မှူး ရော်ဘတ်လီဝန်ဒေါစကီးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သူ့အနေနဲ့ မခန့်မှန်းနိုင်သေးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
မကြာသေးမီလတစ်ချို့မှာ ဘာစီလိုနာဟာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ထားခဲ့ပါတယ်။ အသင်းရဲ့လက်ရှိတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ထိပ်တန်းဂိုးသွင်းနှုန်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာ အသက်-၃၆ နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် လာမယ့်နှစ်အနည်းငယ်မှာပဲ ဘာစီလိုနာအနေနဲ့ ပိုလန်သားနေရာမှာဆက်ခံဖို့ တိုက်စစ်မှူးသစ် လိုအပ်လာမှာဖြစ်ပါတယ်။
ဘာစီလိုနာအနေနဲ့ လာမယ့်နွေရာသီမှာပဲ တိုက်စစ်မှူးသစ် စတင်ခေါ်ယူနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြပေမယ့် လက်ရှိအချိန်မှာ လီဝန်ဒေါစကီးကလည်း ခြေစွမ်းကျဆင်းခြင်းမရှိဘဲ ပိုမိုကောင်းမွန်လာတာကြောင့် တိုက်စစ်မှူးသစ် ခေါ်ယူဖို့မသေချာတဲ့အခြေအနေမှာလည်းရှိနေတာဖြစ်ပါတယ်။
ယခုအခါမှာ လီဝန်ဒေါစကီးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဟန်ဆီဖလစ်ကလည်း “ဘောလုံးက ကြိုတင်ခန့်မှန်းလို့မရတဲ့အရာပါ။ သူက လက်ရှိအချိန်မှာတော့ ကြံ့ခိုင်မှုအားကောင်းနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သူ့ကို ဂရုစိုက်သွားဖို့လိုပါသေးတယ်။ ကြံ့ခိုင်ရေးနည်းပြတွေပြောတဲ့အတိုင်း ကျွန်တော်တို့သူ့ကို ကိုင်တွယ်နေပါတယ်။ ကျွန်တော်တို့က လီဝန်ဒေါစကီးကိုလိုအပ်သလို၊ သူကလည်း အသင်းကိုလိုအပ်တာပါပဲ။ ကစားသမားတစ်ယောက်က တစ်ယောက်တည်းအနိုင်ရလို့မဖြစ်ပါဘူး။ အားလုံးအသင်းလိုက်အနိုင်ရမှာဖြစ်ပါမယ်။ သူက အရည်အသွေးမြင့်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး အသင်းကလည်း အရည်အသွေးမြင့် အသင်းတစ်သင်းပါ။ ဒါကြောင့် အသင်းနဲ့ သူနဲ့က နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ပေါင်းစပ်မှုပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူခဲ့ရပြီး အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မယ့် နောက်ခံလူ ရော်နယ်အရူဂျိုနဲ့ပတ်သက်ပြီးတော့လည်း ဖလစ်က “အရူဂျိုကိုပြန်အသုံးပြုနိုင်တော့မှာဖြစ်လို့ ဝမ်းသာပါတယ်။ သူက ခွန်အားသန်မာပြီး စိတ်ဓာတ်တက်ကြွတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သူရှိနေချိန်ဆိုရင် အသင်းက အနိုင်ရလိုစိတ်ပိုမိုပြင်းထန်လာမယ်လို့ထင်ပါတယ်။ မနက်ဖြန်ပွဲမှာ သူ့ကိုစောင့်ကြည့်ရပါမယ်။ ကျွန်တော်တို့ သူ့ကို မနက်ဖြန်ပွဲမှာ ထည့်သွင်းဖို့ စီစဉ်ထားပေမယ့် နောက်ပွဲမှလည်း ဖြစ်ရင်ဖြစ်သွားနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။